Association of Spring Rainbow အဖွဲ့မှ ဦးဆောင်ကျင်းပသည့် Rainbowများ၏ Pride Month အထိမ်းအမှတ်ပွဲကို ဇွန်လ ၁၇ ရက်နေ့က မဲဆောက်မြို့ နောင်ဘွားရှိ The Space Youth Learning Centre တွင် ကျင်းပခဲ့သည်ဟု သိရပါသည်။
“ဒီလက Pride Month Celebration လဖြစ်တော့ ကျွန်တော်တို့ LGBT တွေအတွက် ဂုဏ်ပြုရမဲ့လလည်း ဖြစ်တာကတစ်ကြောင်းရယ် ပြီးတော့ တော်လှန်ရေးကာလမှာ LGBT တွေဟာ ကဏ္ဍပေါင်းစုံမှာ တက်တက် ကြွကြွနဲ့ ပါဝင်ပြီး တော်လှန်နေကြပေမယ့် သူတို့ကို အသိအမှတ်ပြုမှုနဲ့ အရေးတယူ ပြုမှုကလည်း အားနည်းတဲ့ အချက်တွေ တွေ့ရတာက တစ်ကြောင်းရယ်။ နောက်တစ်ခုကတော့ လက်ရှိ နယ်စပ်မှာ ရှိနေတဲ့ ကျွန်တော်တို့ LGBT အသိုင်းအဝန်းလေးကို ပြန်ပြီးစုစည်းရင်း ဂုဏ်ပြု အသိမှတ်ပြုတဲ့ အနေနဲ့ လုပ်ဖြစ်တဲ့ ပွဲလေးဖြစ်တယ်” ဟု ပွဲစီစဉ်သူ တာဝန်ရှိသူက MPA သို့ ပြောသည်။
၎င်းက ဆက်လက်ပြီး “ တစ်ချို့ဆို LGBT လည်းဖြစ်တယ် သိတက်စကတည်းက Trans လိုပဲ နေထိုင်လာခဲ့တဲ့ သူတွေဆို LGBT နဲ့ပတ်သက်ပြီး မနေ့က ကျွန်တော်တို့ ကျင်းပတဲ့ပွဲဟာ သူတိူ့အတွက် အသိအမှတ်ပြုခံရခြင်း ပထမဆုံးပဲလို့တောင် Speech ပြောခဲ့ကြတာ တွေ့ရပါတယ်။ အခြေအနေ အခက်အခဲ အမျိုးမျိုးကြောင့် ဖိတ်ကြားတဲ့ခါ ကျန်ခဲ့တဲ့သူတွေကိုလည်း တောင်းပန်ပါတယ် ” ဟု ပြောပါသည်။
တော်လှန်ရေးထဲမှာ တထောင့်တနေရာကနေ ပါဝင်နေရသည့် LGBT တွေ့ အနေနှင့်လည်း မတူညီတဲ့ အခက်အခဲတွေနှင့် ဖြတ်သန်းနေကြရကြောင်း တက်ရောက်လာသူ တစ်ဦးကလည်း အခုလို ဆိုသည်။
“ အရင်ကတော့ မွန်ပြည်နယ်ဘက်မှာ ပညာရေးပိုင်းနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ခဲ့တယ်။ စစ်ကောင်စီက အာဏာသိမ်းချိန်က စပြီး CDM လုပ်တယ်။ ပညာရေးပိုင်းက သူတွေနဲ့ ဆန္ဒထုတ်ဖော်တယ် ။ သပိတ်တွေ ဦးဆောင်ခဲ့တယ် ဖမ်းဝရမ်းထုတ်တော့ မဲဆောက်ကို ရောက်တယ်။ ဒီဘက်မှာလည်း ပညာရေးနဲ့ပတ်သပ်တဲ့ online ပေါ်ကနေ အလုပ်ဆက်လုပ်တယ်။ နိုင်ငံရေးပတ်သက်တဲ့ အမည်မဖော်လိုတဲ့အလုပ်တွေ လုပ်နေတော့ LGBT တစ်ယာက်အနေနဲ့ စိတ်ထိခိုက်မှုလေးတွေတော့ ရှိတယ်” ဟု LGBT တစ်ယောက်ဖြစ်သူ ဆိုဖီက အခုလို ပြောပါသည်။
Association of Spring Rainbow အဖွဲ့မှ ဦးဆောင်ကျင်းပသည့် Rainbowများ၏ Pride Month အခမ်းအနားကို တက်ရောက်လာသူ ၇၀ နီးပါးခန့် ရှိကြောင်း သိရသည်။ ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် သရုပ်ဆောင် Russell တို့မှ ပေးပို့ခဲ့သည့် ဗီဒီယိုများလည်း ပြသခဲ့ကြောင်း သိရသည်။