ကရင်နီ (ကယား)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများ၌ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၃၆ မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု ၂၃ မှု၊ စုစုပေါင်း ၅၉ မှု ရှိကြောင်း မြန်မာ့အမျိုးသမီးများသမဂ္ဂမှ ထုတ်ပြန်လိုက်သည်။
ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် မြန်မာ့အမျိုးသမီးများသမဂ္ဂ၏ “နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ” စာတမ်းတွင် အမှုပေါင်း ၅၉ မှု ရှိကြောင်းကို ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါစစ်တမ်းတွင် အာဏာသိမ်းပြီးနောက် စစ်တပ်မှ ကျူးလွန်သောအမှုများ၊ အခြားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သော အမှုများနှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်သောအမှုများဆိုကာ ကဏ္ဍ ၃ ခု ခွဲခြားမှတ်တမ်းတင်ထားသည်။
ထိုအထဲတွင် “အချို့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် နှောက်ယှက်မှုများကို သက်ဆိုင်ရာအကြီး အကဲများမှ ကိုင်တွယ်ဖြေရှင်းရာတွင် နှုတ်အားဖြင့် တောင်းပန်စေခြင်းဖြင့်သာ ဖြေရှင်းပေးခဲ့ပြီး ထိရောက်သည့် အပြစ်ပေးအရေးယူမှုများမရှိပေ။ ရှင်သန်လွတ်မြောက်ခဲ့သူများကိုလည်း ထိုကဲ့သို့ ကျူးလွန်ခံရမှုများကို ပြင်ပသို့ဖော်ထုတ်ပြောဆိုခြင်းများ မပြုလုပ်ရန် သတိပေးတားမြစ်မှုများရှိကြောင်း သိရသည်။ ထိုအခြေအနေများကြောင့် အချို့ကျူးလွန်ခံရသူများသည် ၎င်းတို့၏ တပ်ဖွဲ့များကို စွန့်ခွာသွားရခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကုစားမှုများ ခံယူနေရခြင်းများရှိနေသည်” ဟု ဆိုထားသည်။
အဆိုပါစာတမ်းထဲတွင် NUG နှင့် NUCC သို့ အကြံပြုချက်များလည်း ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသို့ အကြုံပြုချက်များနှင့် နိုင်ငံတကာအသိုင်း အဝိုင်းသို့ အကြံပြုချက်များလည်း ပါဝင်သည်။
အမျိုးသမီးများ အခွင့်အရေး ကြိုးပမ်းနေသူတစ်ဦးမှလည်း “မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံခဲ့ကြရတယ်။ ယဉ်ကျေးမှုအရကော၊ ဓလေ့ထုံးတမ်းအရကောပေါ့။ အခုနောက်ပိုင်းဆို ပိုဆိုးတာပေါ့။ ဘယ်သွားတိုင်ရမှန်းလဲမသိ။ ထုတ်ဖော်ပြောဖို့ကြတော့လဲ ခဲယဉ်းတယ်လေ”ဟု ဆိုသည်။
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ဝေခဲ့သည် တိုင်းရင်းသား လူ့အဖွဲ့အစည်းများအတွင်း စစ်တပ်မှ ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဖော်ပြသည့် “အရေးယူမှု ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့်စနစ်များ” အစီရင်ခံစာတွင်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမှုခင်းပေါင်း ၁၀၄ ခုရှိသည်ဟု သိရသည်။