စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်များမှ တပ်စွဲနေရာယူထားသည့်အပြင် ကျေးရွာအား မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နီးစပ်ရာကျေးရွာများ၌ ခိုလှုံနေကြရပြီး စားဝတ်နေရေးအတွက် အခက်အခဲများကြုံနေရသည်ဟု ဆိုသည်။
“ ယာယီစစ်ရှောင်စခန်း ၄ နေရာတော့ရှိတယ်။ တစ်ချို့ပြည်သူတွေက လယ်ကွင်းပြင်ထဲ အမိုးမလုံအကာမလုံနဲ့ စစ်ရှောင်နေရတယ်ဗျ။ စစ်ရှောင်တွေအနေနဲ့ ဒီနေနဲ့ဆို ၉ ရက်ရှိပီဗျ။ ရက်ကြာလာတော့ စားဝတ်နေရေးအခက်ခဲဖြစ်တာပေါ့ဗျာ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်များမှ ညောင်ပင်ကြီးကျေးရွာရှိ သိမ်တော်ရပ်ကွက်ကို မီးထပ်ရှို့ကာ ဖျက်ဆီးခဲ့ပြီး ညောင်ပင်ကြီးရွာ မီးရှို့ဖျက်ဆီးခံနေရခြင်းမှာ ၉ ရက် တိုင်တိုင်ရှိလာခဲ့ပြီးဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထုတ်ပြန်ထားသည်။
” ဒီမနက် ၁၀ နာရီလောက်က စစ်*** (စစ်ကောင်စီတပ်) တွေ ခန့်မှန်းခြေ အင်အား ၅၀ လောက်ရှိလိမ့်မယ်၊ ညောင်ပင်ကြီးကမ်းနားနှင့် ညောင်ပင်ကြီးစက်လှေဆိပ်တဲတွေကို မီးရှို့နေတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်များမှ စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကိုယူဆောင်၍ မုံရွာဘက်ကမ်းသို့ သယ်ယူခြင်းများလည်း ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကြီးရွာရဲစခန်းကို PDF များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် အဆိုပါတိုက်ပွဲတွင် ၎င်းတို့ အထိနာခဲ့သဖြင့် ညောင်ပင်ကြီးရွာအား ယခုလို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။