ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံသူ လေးသိန်းကိုးသောင်းရှိကြောင်း သိရသည်။
ထို့အပြင် ကျောင်းအပ်နှံထားသည့် ကျောင်းသူ/သားများအနက် လေးသိန်းရှစ်သောင်းခန့်သည် ကျောင်းတက်ရောက်လျက်ရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
“ကျောင်းကတော့ ကျွန်တော်တို့ဘက်က အကုန်နီးပါး အပ်ထားကြပါတယ်။ ကျောင်းဆောင်တွေကလည်း ပြင်ပြီးပြီဆိုတော့ အကုန်လုံးလည်း ကျောင်းတက်နေကြပါတယ်။ အခက်အခဲတော့လည်း သိပ်မရှိပါဘူး။ လမ်းတွေလည်း အကုန်ပြင်ထားတော့ ကလေးတွေလည်း သွားရေးလာရေး အဆင်ပြေပါတယ်”ဟု မြောက်ဦးမှ ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ကျောင်းအပ်လက်ခံသည့် ကာလတွင် မိုခါမုန်တိုင်းတိုက်ခက်ခဲ့သည့် ဒဏ်ကြောင့် အခြေခံ စာသင်ကျောင်းပေါင်း ၁,၅၃၈ ကျောင်း ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ၄၁၆ ကျောင်း ပြန်လည် ပြုပြင်ပြီး ဖြစ်ကြောင်း သိရသည်။
“ကျောင်းတွေက မုန်တိုင်းကြောင့် ပျက်သွားတာ။ အခုထိတော့ ဒီဘက်မှာ လာမပြင်ရသေးဘူး။ ကျောင်းကလည်း ဖွင့်ထားတော့ ကလေးတွေက အပျက်အစီးတွေကြားကနေ တက်နေရတာပေါ့။ လမ်းတွေကလည်း သိပ်တော့ အဆင်မပြေသေးဘူး။ အဓိကကတော့ အမိုးတွေ လန်တာ မပြင်နိုင်သေးတာပါပဲ။ အဲ့ဒါတွေ မပြင်နိုင်သေးတော့ ကလေးတွေကို မိုးအုံ့ပြီဆိုရင် ကျောင်းပြန်လွှတ်နေရတာပေါ့”ဟု ရခိုင်ပြည်နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသော ကျောင်းဆရာမတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အတွင်း ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက မပြင်နိုင်သေးသော စာသင်ကျောင်းများအစား ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် သင်ကြားနိုင်ရန်အတွက် ကြိုတင်စီစဉ်ထားကာ ပျက်နေသည့် ကျောင်းများအား အချိန်တိုအတွင်း ပြန်လည်တည်ဆောက်မည်ဟု အသိပေးသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ယန်မနှစ် ၂၀၂၂ ခုနှစ်အတွင်း ကျောင်းအပ်နှံသူ ၃ သိန်း ၆ သောင်းကျော် ရှိခဲ့ကာ ယခုနှစ် ပညာသင်နှစ်တွင် ၄ သိန်း ၉ သောင်းကျော်အထိ ရှိကာ ကျောင်းအပ်နှံသူ ၁ သိန်း ၃ သောင်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။