သီးနှံစိုက်ပျိုးရေးတွင် အသုံးပြုသော အပင်အားဆေး၊ အသီးအားဆေး ဓာတ်မြေဩဇာများနှင့် ပေါင်းသတ်ဆေးများ ၂၀၂၂ ခုနှစ်ကထက် ဈေးနှုန်းများကျဆင်းနေကြောင်း MPA အနေဖြင့် စုံစမ်းသိရှိရသည်။
“ မနှစ်ကထက်စာရင်တော့ ကျတယ်။ ပေါင်းသတ်ဆေးတွေဆိုရင် မနှစ်က တစ်ပုံးကို ၆၅,၀၀၀ လောက်ရောင်းရတဲ့ ကောင်တွေက အခု ၄၅,၀၀၀ ဝန်းကျင်ပဲ ရှိတော့တယ်။ မြေဩဇာတွေဆိုရင် မနှစ်က ၁၂၀,၀၀၀၊ ၁၅၀,၀၀၀ ရောင်းရတဲ့ဟာတွေက အခု ၇၅,၀၀၀ နဲ့ ၈,၀၀၀ ပတ်ချာလည်ပဲရှိတော့တယ်” ဟု ဓာတ်မြေဩဇာ ရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။
ဘုရင့်နောင်ပွဲရုံမှ ဇွန်လ ၁၇ ရက်နေ့က စုံစမ်းရရှိသော အချက်အလက်များအရ ကောမက် (ပုလဲ) တစ်အိတ်လျှင် ၇၈,၀၀၀ ကျပ်၊ သံကွင်းတစ်အိတ်လျှင် ၈,၂၅၀၀ ကျပ်၊ ပိုတက်တစ်အိတ်လျှင် ၁၀၅,၅၀၀ ကျပ်အထိ အသီးသီးရှိပြီး အမျိုးအစားအားလုံးနီးပါး ယခင်နှစ်ကထက် ဈေးနှုန်းကျဆင်းနေကြောင်း စုံစမ်းသိရသည်။
“ အခုနှစ် စပါးဈေးကလည်းတက်တယ်/ ဓာတ်မြေဩဇာတွေကလည်း ဈေးကျတယ်ဆိုတော့ တောင်သူတစ်ယောက်အနေနဲ့ စိတ်ချမ်းသာရပေါ့။ စပါးဈေးကလည်း အခု ၂၀,၀၀၀ ကျော်သွားပြီလေ။ ကုန်ဈေးနှုန်းတွေကတက်တော့ အဲ့ဒါတွေပါ တက်တာပေါ့” ဟု စပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။
ယခုလတ်တလော ဓာတ်မြေဩဇာ ဈေးနှုန်းကျဆင်းနေသည်နှင့်ပတ်သက်၍ ဓာတ်မြေဩဇာ အရောင်းကိုယ်စားလှယ်တစ်ဦးကလည်း ယခုအခါ မိုးဦးကျပိုင်းဖြစ်၍ တောင်သူများ အသုံးမတွင်ကျယ်သေးသောကြောင့် ဈေးနှုန်းကျဆင်းနေခြင်းဖြစ်နိုင်ပြီး သီးနှံစိုက်ပျိုးချိန် ဝယ်လိုအားတက်လာသည့်အခါ ဓာတ်မြေဩဇာ ဈေးနှုန်း ပြန်လည်တက်လာလာနိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။
၂၀၂၀ ခုနှစ်က ပုလဲမြေဩဇာတစ်အိတ်လျှင်၂၃,၀၀၀ ကျပ် နှင့် ၂၄,၀၀၀ ကျပ်သာရှိပြီး၊ ၂၀၂၁ ခုနှစ်တွင် ၅၀,၀၀၀ ကျပ်သို့ တက်လာခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၁ သိန်းကျော်အထိ အဆမတန်မြင့်တက်သွားခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ၇၉,၀၀၀ ကျပ်သို့ တစ်ဖန် ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
ယခင် ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် ဓာတ်မြေဩဇာဈေး ရုတ်ချည်း မြင့်တက်လာခြင်းကြောင့် စပါးစိုက်တောင်သူများမှာ သီးနှံများအား ဓာတ်မြေဩဇာပေးသွင်းရန် အခက်အခဲဖြစ်ခဲ့ရပြီး စိုက်ပျိုးစရိတ်များစွာ ကုန်ကျခဲ့ရသည့်အပြင် တစ်ဘက်တွင်လည်း သီးနှံ အထွက်နှုန်းကျဆင်းခြင်းကြောင့် အရှုံးပေါ်ခဲ့ရသည်ဟုဆိုသည်။