ရန်ကုန်မြို့တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများအပါအဝင် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ မြင့်တက်နေကြောင်း ရန်ကုန်မြို့နေ ဒေသခံများထံမှ သိရသည်။
“ကြော်စားတဲ့ တရုတ်ကန်စွန်းက တစ်စည်းကို ၅၀၀ တောင် ဖြစ်နေပြီ။ အစေ့ကန်စွန်းဆိုလည်း အရင်က တစ်စည်းမှ ၁၀၀ ပဲရှိတာ။ အခုတော့ အဲ့ဒါလည်း တစ်စည်းကို ၃၀၀၊ နှစ်စည်းယူရင်တော့ ၅၀၀ နဲ့ ရတယ်။ ကန်စွန်းရွက် တစ်ခါကြော်စားမယ်ဆိုရင် ငွေတစ်ထောင်လောက် ကုန်တယ်။ အကုန်လုံးက ဆန်တွေ ဆီတွေပဲ ဈေးတက်တယ်ထင်တာ။ ကျန်တဲ့ဟာတွေလည်း တက်နေတာပဲ။ လက်လုပ်လက်စားတွေကတော့ အများကြီး အခက်အခဲဖြစ်တာပေါ့”ဟု ရန်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မီးဖိုချောင်သုံးပစ္စည်းများသည်လည်း ဈေးများ မြင့်နေကြောင်း သိရသည်။
“အရင်ကဆို ချဉ်ပေါင်က ၂၀၀ ဖိုး ဝယ်မယ်ဆိုရင် ၃ စည်းရတယ်။ အခုက တစ်စည်းကို ၃၀၀၊ ဒါတောင် လဲ့လဲ့ပဲ ပါတာ။ ဂေါ်ဖီဆိုလည်း အရင်ကဆို အထုပ်ကြီးရင် ၇၀၀၊ ၈၀၀ ပဲ အခုက ၂,၅၀၀နဲ့ ၃,၀၀၀ ကြားရှိတယ်။ ကြက်သွန်နီဆိုလည်း တစ်ပိဿာကို ၂၅၀၀ ထိ ဖြစ်တယ်။ ဆီတွေလည်း ၈,၀၀၀ ထိတောင် ဖြစ်နေပြီ”ဟု ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ကုန်ဈေးနှုန်းများအား ထိုက်သင့်သည့်ဈေးနှုန်းထက် ကြီးမြင့်အောင်လုပ်ကာ ရောင်းချသူများအား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားသည်။
“အန်တီတို့ အရင်က စားနေကျ ပေါ်ဆန်းမွှေးဆန်ဆို ၃၀၀၀၀ နဲ့ ၃၅၀၀၀ ပဲ ရှိတာ။ အခုဆို အဲ့ဒီဆန်တွေက ၁၀၃၀၀၀ တောင်ဖြစ်နေပြီ။ ဆန်တို့ ဆီတို့ကတော့ တစ်လစာ ဝယ်ထားတာပေါ့။ တခါတလေ လကုန်ရက်နီးတာတို့ လက်ထဲ ပိုက်ဆံပြတ်တာတို့လို ကြုံရင် ကြက်ဥလေး ဘဲဥလေးချက်မယ်လို့ စဉ်းစားရင်တောင် လက်ထဲ ၅၀၀၀ လောက်ရှိမှ ရတာ။ ကြက်ဉတွေလည်း ဈေးတွေ တက်တယ်။ အလုံးကောင်းကောင်းဆိုရင် တစ်လုံးကို ၃၀၀ တောင် ဖြစ်နေတာလေ။ ဈေးတွေ ဒီလောက် တက်နေတာ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ”ဟု ရန်ကုန်မြို့မှ နောက်ထပ် အိမ်ရှင်မတစ်ဦးက ပြောသည်။
ယခင်က ဈေးသွားလျှင် မည်သည့် ဟင်းစားဝယ်ရမည်ကို စဉ်းစားရခြင်းသာ ဒုက္ခတစ်ခု ဖြစ်ခဲ့သော်လည်း ယခုလက်ရှိတွင် ဈေးရောက်လျှင် ဈေးနှုန်းများ မည်မျှအထိ အပြောင်းအလဲဖြစ်ကာ မည်မျှထိ ဈေးနှုန်မြင့်တက်မည်ဆိုသည်ကိုသာ စိုးရိမ်နေရကြောင်း အိမ်ရှင်မများက ပြောသည်။
“သားသမီးတွေ ပေးတဲ့ လစာနဲ့က လောက်ငှရုံပဲ ရှိတာပေါ့။ ဈေးတွေတက်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ အခြေခံလစာနဲ့ တက်နေတဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှ မကာမိဘူး။ အရင်က ဝက်သားဆို တစ်ဆယ်သားဈေးက ၁,၀၀၀/၁,၁၀၀ အခုက နှစ်ထောင်နားကပ်နေပြီ။ ကြက်သားဆိုလည်း အရင်က ၇၀၀/၈၀၀ အခုတော့ ၁,၅၀၀ နောက်ပြီး ငါးဆိုလည်း အဲ့လိုပဲ အရင်ကဆို ၆၀၀/၇၀၀ အခုတော့ တစ်ထောင်ကျော်ပြီ”ဟု ရွှေပြည်သာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အခြေခံစားသောက်ကုန် ဈေးနှုန်းများ ကျဆင်းခြင်း မရှိသောကြောင့် ပြည်သူများ အနေဖြင့် မဖြစ်မနေ လိုအပ်သော အခြေခံ စားသောက်ကုန်များကိုသာ ဝယ်ယူနိုင်တော့သည့်အပြင် တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစားများ အနေဖြင့်လည်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသည်ဟု စုံစမ်းသိရှိရသည်။