ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှထူးဇွပ်တွေ တပ်စွဲထားသော ပြည်သူ့စစ်တပ်ဖွဲ့မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ(၂) လက်အောက်ရှိ တပ်ရင်း (၁၄) ရှိရာနေရာသို့ ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်က Drone ဖြင့် ၅ ကြိမ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
” ဒီမနက်အစောကြီးမှာ ဘဲ တပ်မဟာ (၂) အောက် တပ်ရင်း ၁၄ ဘက် Drone နဲ့ ၅ကြိမ် လောက် ဗုံးလာချတိုက်ခိုက်တယ်လို့ ကြားတယ်” ဟု KIA တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
အဆိုပါ လာရောက်တိုက်ခိုက် ပစ်ခတ်သည့် Drone မှာ ရှထူးဇွပ်တွင် တပ်စွဲထားသော စစ်ကောင်စီ လက်အောက်ရှိ ပြည်သူ့စစ်များမှ ဖြစ်ကြောင်း အတည်ပြုသိရှိရသည်ဟု ၎င်း၏ ပြောကြားချက်အရ သိရသည်။
ရှထူးဇွပ် ပြည်သူ့စစ်များမှ ဇွန် ၉ ရက်နေ့မှ စ၍ ယနေ့အထိ မြစ်ကြီးနားမှ တနိုင်းဘက် သွားလာနေသော ဒေသခံပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကိုလဲ အတင်းအကြပ် စစ်ဆေး ဖမ်းဆီးမှုများလဲ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ချို့ထံမှလည်း စုံစမ်းသိရသည်။