ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီးတွင် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ပြင်ပဒါဏ်ရာ မရှိဘဲ လဲကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
“ မနက် ၇ နာရီလောက်က ဆုံးသွားတာ၊ အနီးအနားမှာ ရှိတဲ့လူတွေ ပြောတာကတော့ သူက နေမကောင်းဖြစ်နေတဲ့ စွန့်ပစ်ခံအမျိုးသားလို့ ပြောတယ်။ သေဆုံးတာကတော့ မှတ်တိုင်အနီးမှာ၊ မိုးတွေမိပြီး နေမကောင်းဖြစ်ပြီး ဆုံးတာထင်တယ်” ဟု သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသွားသော အမျိုးသားသည် အသက် ၅၀ ဝန်းကျင်ခန့်အရွယ်ဖြစ်ပြီး သေဆုံးသွားသည့် ရောဂါအကြောင်း အရင်းကိုတော့ အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။
အဆိုပါအမျိုးသား၏ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း အင်းစိန်မြို့နယ် (စော်ဘွားကြီးကုန်း)ရပ်ကွက် (Moon Sun)ဆီဆိုင်ဘေးတွင် သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားတဦး ပြင်ပထိခိုက်ဒဏ်ရာမရှိဘဲ သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။