နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးသင့်ပြည်သူများကို ကျပ်သိန်း ၂၅၀ဖိုး လှူဒါန်းလျက်ရှိကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရသည်။
စစ်ကိုင်းတိုင်း၊ မြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာ (၁၀)ရွာမှ ဆေးခန်း၊ ကျောင်းနှင့် မီးဘေးသင့်ပြည်သူများကို ယနေ့(ဇွန်၁၇ရက်)မှစ၍ ဇွန်လ ၁၉ရက်နေ့အထိ လှူဒါန်းလျက်ရှိကြောင်းသိရသည်။
“ လှူဒါန်းမဲ့ အိမ်ထောင်စု ထောင်ဂဏန်းလောက်ရှိမယ်ဗျ။ ဆေးခန်းအတွက်ဆို ဆေးဝါးပစ္စည်းမျိုးစုံ၊ ကျောင်းအတွက်ဆို ကလေးတွေအတွက် စာအုပ်တို့ ၊စာသင်ခုံတို့ ၊စတဲ့ကျောင်းအတွက်လိုတဲ့ပစ္စည်းလေးတွေရယ်၊ ပြည်သူတွေအတွက်ဆိုရင် စားနပ်ရိက္ခာတွေ၊ မီးဘေးသင့်တောင်သူတွေအတွက်ဆို မြေဆီတို့၊ မိုးကာတို့ ၊Solar Power Station တို့မျိုးစုံပေါ့ဗျာ ” ဟု S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က MPA သို့ပြောသည်။
ယနေ့ တွင် မွေးနေ့အကြိုလှူဒါန်းမှုအဖြစ်အရာတော်မြို့နယ်အတွင်းရှိ ပိုးထိလူနာ၂ဦးကို မြွေဆိပ်ဖြေဆေးအလုံး၂၀၊ ခင်ဦးမြို့နယ်၊ ရွာတရွာရှိ မိသားစု၂၀၀အတွက် စားသောက်ကုန်များနှင့် ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာက စစ်ရှောင်ပြည်သူ ၁၀၅၀ကို ထမင်းကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
လာမည့်ဇွန်၁၉ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့်မွေးနေ့ဖြစ်သည်။