တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ပလမြို့တွင် တိုက်ပွဲဖြစ်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လမ်းပိတ်ထားသဖြင့် ကားအစီး ၃၀ကျော် ပိတ်မိနေကြောင်းသိရသည်။
ယနေ့ နံနက် ၉နာရီခန့်မှ စတင်ပြီး ပလမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပလမြို့နယ်၊ပဝတ်ကုန်းရွာအနီး၌ PDFများရှိသဖြင့် တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုကာ ပလမြို့အထွက် ဂိတ်မှနေ၍ခရီးသည်တင်ကားများအား သွားလာခွင့်မပြုခြင်းဖြစ်ကြောင်း ပိတ်မိနေသည့် ခရီးသည်တင်ယာဉ် မောင်းတစ်ဦးက ပြောသည်။
“ စစ်သားတွေက PDFတွေက ပြည်သူတွေကို ပစ်သတ်ပြီး ဖမ်းဆီးတာတွေလုပ်နေလို့ လမ်းပိတ်ထားတယ်ပြောတာ။တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်းပြောတယ်။မနက် ၉နာရီကနေ ပိတ်ထားတာ နေ့လည် ၁နာရီတော့ တစ်ခါ ဖွင့်ပေးတယ်။၁နာရီ ၅၀မှာ ပြန်ပိတ်တယ်။အခုထိပိတ်ထားတုန်းပဲ။ခရီးသည်တင်ကား နဲ့ တခြားကား ၃၀ကျော်တယ်” ဟု ၎င်းက ယနေ့ညနေ ၄နာရီခွဲခန့်တွင် ပြောသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုလောPDFတပ်ဖွဲ့တာဝန်ရှိသူထံ MPAက မေးမြန်းရာ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများသာရှိကြောင်း ပြောသည်။
“ ဘာတိုက်ပွဲမဖြစ်ဘူး။စစ်တပ်က ဒီနေ့မနက် ၁၂နာရီလောက်က လက်နက်ကြီး ၁၅လုံးလောက် ကဒဲနဲ့ ပဝတ်ကုန်းကို ထုတယ်။နာရီဝက်လောက်နေတော့ ခရီးသည်ကားတွေ လွှတ်ပေးတယ်။ကျွန်တော်တို့က စစ်တပ်ကလာတယ်ထင်ပြီး မှားပစ်အောင် တမင်လုပ်နေတာ။ခရီးသည်ကားတွေ ပိတ်မိနေသေးတယ်၊အခုထိမလွှတ်ပေးသေးဘူး။မနက်ကတော့ တစ်ကြိမ် ကားတွေဖြတ်သွားပြီ။ကျွန်တော်တို့က ပဝတ်ကုန်းမှာ ရှိနေတယ်။ဇရှိရင် လက်နက်ကြီးမသုံးဘဲ လာတိုက်ပေါ့” ဟု မြိတ်ခရိုင်တပ်ရင်း ၁၊ ပုလောPDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ ပုလောမြို့အခြေစိုက် ခလရ-၂၈၅တပ်သည် ယမန်နေ့ကလည်း ပလမြို့တွင် ဂိတ်စခန်းချကာ မနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီခွဲအထိ မြိတ်-ထားဝယ် လမ်းမကြီး(ပြည်ထောင်စုလမ်းမ)ကြီးအား ယာယီပိတ်ထားခဲ့ရာ ခရီးသည်တင်ကား နှင့် အိမ်စီးကား ၁၅စီးကျော်ပိတ်မိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ရက်နေ့မှစပြီး မြိတ်-မော်လမြိုင်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များအား KNUတပ်မဟာ ၆နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိသည်။