ရန်ကုန်မြို့၏ မြို့နယ်အချို့ရှိ စစ်ကောင်စီလက်အောက်ခံ မူလတန်းကျောင်းများအား ဇွန်လ ပထမအပတ်သာ ကျောင်းဖွင့်ရက်များ အပြည့်ဖွင့်ခဲ့ပြီး ဇွန်လ ဒုတိယအပတ်မှ စတင်ကာ နေ့တစ်ဝက်သာ ဖွင့်လှစ်သင်ကြား နေကြောင်း ရပ်ကွက်နေပြည်သူများထံမှ စုံစမ်းသိရှိရသည်။
“ အခုက အမတို့နေတဲ့နေရာမှာရော၊ သင်္ဃန်းကျွန်းက သူငယ်ချင်းရဲ့ ကလေးတွေဆီမှာရော နေ့တဝက်ပဲ ကျောင်းဖွင့်တော့တယ်။ အရင်က နေ့လည် ၁နာရီခွဲ ကျောင်းဆင်းရတာ။ အခုဆို ၁၁နာရီခွဲဆိုတာနဲ့ ကျောင်းဆင်းရပြီ” ဟု တောင်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များရှိ အခြေခံ မူလတန်းကျောင်းများအား နံနက် ၉နာရီမှ နေ့လည် ၁နာရီ ၃၀မိနစ်အထိ ဖွင့်လှစ်ခဲ့သော်လည်း ငါးရက်အကြာတွင် နေ့တဝက်သာ ကျောင်းဖွင့်လှစ်တော့ကြောင်း MPAမှ စုံစမ်းသိရသည်။
ယခုလို နေ့တဝက်သာ ကျောင်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ်ရှိ မူလတန်းကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာမကြီးဘက်မှ ကျောင်းသား/သူ မိဘများအပေါ် တိတိကျကျမဖြေရှင်းဘဲ ကျူရှင်များတက်ရန်သာ ဆော်ဩခဲ့ကြောင်း လှည်းကူးမြို့နယ်နေသူတစ်ဦးက ပြောသည်။
“ ဒီမှာ ကျောင်းစ စဖွင့်ပြီး နောက်လေးရက်လောက်ကြာတော့ နေ့တဝက်ပဲ ဖွင့်တော့တယ်။ ကျူရှင်တက်ဖို့လည်း ပြောတယ်။ ဒါတွေက အမတို့ကလေး ဘဝကတည်းက ကျူရှင်ကို အတန်းပိုင်တွေ သင်တာမို့ မထူးဆန်းပေမယ့် အခုဟာက ကျောင်းမှာ စာမသင်ဘူး။ ဘာလို့မသင်လဲ မေးရင် အစည်းအဝေးရှိလို့ လို့ပဲပြောတယ်။ ကျုရှင်တက်တဲ့ စာတွေနဲ့ ကျောင်းက သင်တဲ့စာတွေ ယှဉ်လိုက်ရင် အရမ်းသိသာတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ် ပညာသင်နှစ်အတွင်း မေလ ၂၃ ရက်နေ့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ ၁၃၄၃ ၀၃၇ ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် ၁၈၃၁၇၂ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းများအရ သိရသည်။