ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ၅ လမ်းရှိ လူငယ် ၃ ဦးအား စစ်ကောင်စီတပ်မှ ရိုက်နှက်ကာ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅နာရီ ကျော်လောက်က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ ၅ လမ်း အတွင်းသို့ စစ်ကောင်စီတပ်များ အင်အားသုံး ဝင်လာရောက်ကာ လူငယ် ၃ ဦးအား ရိုက်နှက်ဖမ်းဆီးသွားကြောင်း စံပြ ၄ လမ်း နေ ပြည်သူတစ်ဦးက ပြောသည်။
“ လူငယ် ၃ ယောက်အဖမ်းခံရတာတော့ ဟုတ်တယ်။ ရိုက်နှက်ခေါ်သွားတယ်လည်းကြားတယ်။ ညီမက ရုံးသွားနေတော့ မတွေ့လိုက်ဘူး။ ဈေးထဲမှာလည်း အဲ့အကြောင်းပဲ ပြောနေကြတာ။ မြင်မကောင်းအာင် ရိုက်နှိက်သွားတာတော့ မဟုတ်ဘူး။ လူတွေလည်း သူတို့ကို(စစ်ကောင်စီ)ကြောက်လို့ သေချာမကြည့်ရဲကြဘူးလေ” ဟု ၎င်းက ပြောသည်။
အထက်ပါ လူငယ် ၃ ဦးအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရပြီး MPA အနေဖြင့်လည်း မည်သူမည်ဝါများ ဖြစ်ကြသည်ကို တိတိကျကျ အတည်ပြုချက် မရရှိသေးပေ။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးမှု ပြန်လည်မြင့်တက်လာပြီး မေလ ၁၂ ရက်နေ့မှ ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၀ ဦး ကျော်ရှိလာပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။