မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှထွက်၍ ရိက္ခာရှာရန်ထွက်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးစုပေါင်းအင်အား ၅၀ ခန့်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
“ကန်နီပျူရွာထဲမှာရှိတဲ့ ခွေးတွေနဲ့ ပျူတွေ လေးငါးဆယ်လောက်က ကျနော်တို့ လှုပ်ရှားနေတဲ့ ကျနော်တို့နယ်မြေထဲကို ရောက်နေတယ်လို့ သတင်းကြားတာနဲ့ အဲ့ဒီဘက်မှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းလည်းရှိတာနဲ့ တိုက်ခိုက်ဖို့လုပ်တာပေါ့လေ။ ကျနော်က ဟိုဘက်ကနေ ဗြုန်းစားကြီးထွက်လာတော့ လက်နက်ကြီးလည်း ပါမလာဘူး။ အဲ့ဒါနဲ့ အနီးအနားမှာရှိတဲ့ ကျနော်တို့ပူး ပေါင်းလုပ်ဆောင်နေကျ အဖွဲ့တွေကို လက်နက်ကြီးဖိတ်ခေါပြီး တိုက်ခိုက်ခဲ့တာပါ”ဟု ပခုက္ကူခရိုင်အမှတ် (၁၇) ဒုတပ်ရင်းမှူး ကိုဘီလုံးက MPA သို့ ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးများသည် ကာကွယ်ရေးအဖွဲ့များထောင်ထားသည့် မိုင်းကွင်းအတွင်း ဝင်မလာသည့်အတွက် လက်နက်ကြီးများနှင့်သာ ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။
“ရန်သူရှိနေနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပတ်ထုပြီး ကျနော်တို့ရဲ့ မိုင်းကွင်းတွေဆီရောက်အောင် ကျုံးသွင်းတာပေါ့လေ။ ဒါပေမဲ့ မိုးတွင်းဖြစ်တဲ့အတွက်ကို သူတို့က သစ်ပင်တွေထဲ အပျောက်ဖျောက်နိုင်တဲ့အတွက်ကြောင့် ကျနော်တို့ဒရုန်းတွေနဲ့ ပတ်ရှာခြေရာခံလို့ မရတော့ဘူးဗျ၊ အဲ့ဒါကြောင့် မျက်မြင်တွေရဲ့ ပြောပြချက်အရ မှန်းပြီးထုခဲ့ရတဲ့အတွက်ကြောင့် အထိအခိုက်ကိုမသိရဘူးဗျ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုအား ပခုက္ကူခရိုင်တပ်ရင်း- ၁၇ က ဦးဆောင်၍ မြိုင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု တပ်ရင်း(၂)၊ အညာမြေပြောက်ကျားတပ်ဖွဲ့နှင့် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“တိုက်ပွဲကြာချိန်က နာရီဝက်လောက်ကြာတယ်ဗျ။ အဲ့ဒီစစ်ကြောင်းက မနေ့က သူတို့ရောက်နေတဲ့နေရာမှာ ကျွန်းတောတွေရှိတယ်လေ။ အဲ့ဒီထဲမှာပဲ တနေကုန်ဝပ်ပြီးတော့ အပျောက်နေပြီး ညနေ ၅ နာရီလောက်မှာ ကန်နီရွာထဲ ပြန်ဝင်သွားတယ်လို့ ကျနော်တို့သတင်းစည်းက ပြန်သိရတယ်”ဟု ပခုက္ကူခရိုင်အမှတ် (၁၇) ဒုတပ်ရင်းမှူး ကိုဘီလုံးက ဆက်ပြောသည်။
အဆိုပါ ကန်နီပျူစောထီးရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် ရိက္ခာပြတ်လပ်လျက်ရှိပြီး စစ်ကောင်စီမှ ရိက္ခာပို့ရန် ကြိုးစားလျက်ရှိနေသည်ဟု စုံစမ်းသိရှိရသည်။