နိုင်ငံတွင်း အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များ၌ နေထိုင်ရသော ဆင်းရဲနွမ်းပါးသည့် ကလေးငယ် အများစုသည် အတန်းပညာသင်ကြားခွင့်မရဘဲ မိသားစုစားဝတ်နေရး ဖြေရှင်းရန်အတွက် ပါဝင်နေကြရသည်။
ထို့ကြောင့် အတန်းစာသင်ချင်သည့် လမ်းဘေးကလေးငယ်များအား ၎င်းတို့ အဆင်ပြေသည့် နေရာများနှင့် လမ်းဘေးနေရာများတွင် စာသင်ကြားပေးနေကြောင်း ရေချမ်းစင် စာသင်ဝိုင်းထံမှ သိရသည်။
“သင်ပေးဖြစ်တဲ့ ကလေးအများစုက လမ်းဘေးမှာ လိုက်တောင်းနေတဲ့ ကလေးအများစုရှိမယ်။ အင်းလျားကန်ဘောင်မှာ မုန့်ခြင်းထောင်းနဲ့ မုန့်လိုက်ရောင်းတဲ့ ကလေးတွေနဲ့ Bus တွေအပေါ်မှာ စာရွက်တွေ ကမ်းပြီး အလှူငွေတောင်းတဲ့ ကလေးတွေ အဲ့ဒီလိုကလေးတွေကို အဓိကထားပြီး သင်ပေးဖြစ်တာပါ”ဟု ရေချမ်းစင် တည်ထောင်သူ ကိုဖြိုးကိုကိုမောင်က MPA သို့ ပြောသည်။
အမှန်တကယ် လိုအပ်ချက်ရှိနေပြီး အတန်းစာသင်ချင်သည့် လမ်းဘေးကလေးငယ်များနှင့် စာသင်ချင်သော်လည်း သင်ကြားခွင့် မရသော ကလေးငယ်များအား သင်ကြားပေးနေကြောင်း သိရသည်။
“စသင်တုန်းကတော့ အင်းစိန်ကုန်းတံတားအောက်မှာ ၅ ယောက်နဲ့ စသင်ခဲ့ရတာပေါ့။ နောက်ပိုင်းမှ လိုက်စည်းရုံးရင်းနဲ့ အခုဆို ကျွန်တော်တို့ စာသင်ဝိုင်းမှာ ကလေး အယောက် ၁၀၀ လောက်ရှိနေပြီ။ အခုလက်ရှိလည်း စာသင်ချင်တွေကလေးတွေက ထပ်ပြီး ဆက်သွယ်ကြတယ်။ လာပြောကြတယ်။ လမ်းဘေးနေရာတွေ၊ ဂုံးတံတားအောက်တွေမှာ သင်ရတော့ အခက်အခဲတွေရှိတယ်။ ကားသံတွေနဲ့ ဆူညံပြီး စာသင်လို့မရတာတွေ နောက်ပြီးတော့ အရက်သမားတွေရဲ့ ကလေးတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိရင် ဖြေရှင်းပေးရတာတွေလည်း ရှိတယ်”ဟု ကိုဖြိုးကိုကိုမောင်က ပြောသည်။
ယခုကဲ့သို့ ကိစ္စရပ်များ ဖြေရှင်းခြင်း၊ ကလေးငယ်များ စာသင်ရက်များတွင် ကြက်ဥနှင့် ငှက်ပျောသီးများ ကျွေးမွေးခြင်းနှင့် တစ်ချို့ ကလေးငယ်အယောက် သုံးလေးဆယ်ရှိသည့် နေရာများတွင် စာသင်ကြားရန် အဆင်ပြေစေရန်အတွက် အဆောင်များ ငှားရမ်းရသည့်အတွက်လည်း ငွေကြေးလိုအပ်ချက်များ ရှိနေကြောင်း သိရသည်။
“သင်ခန်းစာကတော့ ကျောင်းသင်ရိုးကိုပဲ အဓိကထား သင်ပေးတယ်။ အများစုကတော့ KG အတန်းလေးတွေ များတယ်။ ကျွန်တော်က ဂျပန်စာသင်တဲ့ ဆရာဆိုတော့ အတန်းကြီး ၇ တန်း ၈ တန်းတွေဆိုရင်တော့ ဂျပန်စာကိုပါ သင်ပေးတယ်။ ဆရာ/ဆရာမကတော့ စုစုပေါင်း အယောက် ၂၀ နဲ့တော့ ကလေးတွေကို စာသင်ပေးနေတာပေါ့။ အကုန်လုံးကတော့ Volunteer တွေချည်းပါပဲ”ဟု ဖြိုးကိုကိုမောင်က ရှင်းပြသည်။
ကလေးငယ်များအား မုန့်များကျွေးခြင်း၊ ထမင်းကျွေးခြင်း၊ တစ်ပတ်တစ်ခါ ပြည်သူ့ရင်ပြင်သို့ လိုက်လံပို့ဆောင်ခြင်းနှင့် အာဟာရပြည့်ဝအောင် ကျွေးမွေးခြင်းများလည်း လုပ်ဆောင်သည့်အတွက် ကလေးငယ်များအနေဖြင့် အတန်းချိန်မပျက် ပုံမှန်လာရောက်သင်ကြားလေ့ရှိကြောင်းလည်း သိရသည်။
ရေချမ်းစင် စာသင်ဝိုင်းသည် ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ လမ်းဘေးကလေးငယ်များအား စာသင်ပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များရှိသည့် နေရာများတွင် စာသင်ဝိုင်းများဖွဲ့ခြင်း၊ ဆရာ၊ ဆရာမများအား နေရာချစီစဉ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် အတန်းစာသင်ကြားချင်သည့် ကလေးငယ်များအား စာသင်ကြားပေးလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။