မိုခါမုန်တိုင်းဒဏ်ကြောင့် ကျိုးကျပျက်စီးသွားသည့် သစ်ပင်များအတွက် ရခိုင်ပြည်နယ်မှ ပရဟိလူငယ်များ စုပေါင်းကာ အစားထိုး သစ်ပင်များ ပြန်လည် စိုက်ပျိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများ ဆုံးရှုံးခဲ့ရခြင်းနှင့်အတူ နှစ်ရှည်အပင်များလည်း ဆုံးရှုံးခဲ့ရကာ ယခုနှစ်ပိုင်းအတွင်း ဆိုးရွားသည့် အပူဒဏ်၊ ရာသီဥတုဖောက်ဖြန်မှုနှင့် အပင်များနည်းပါးသည့်အတွက် သဘာဝဘေးအန္တရာယ်အား ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
“မုန်တိုင်းမတိုင်ခင်ကတည်းက ကျွန်မတို့အဖွဲ့က အပင်စိုက်လှုပ်ရှားမှုတွေ လုပ်ဖို့ရည်ရွယ်ပြီး ပျိုးဥယျာဉ်တစ်ခုလုပ်ပြီးတော့ အပင်တွေပျိုးထားတာပါ။ အခု မိုခါအလွန်မှာတော့ ဘယ်အပင်တွေက ဘယ်လောက် ရာသီဥတုဒဏ်ခံနိုင်တယ်၊ ဘယ်လိုအပင်တွေက အရိပ်ရပြီး မြို့ပြနဲ့ကိုက်ညီတယ် စတဲ့ လေ့လာမှုတွေ လုပ်ခဲ့ပြီးခဲ့တော့ ဒီလကုန်ကစပြီး စိုက်ပျိုးဖို့ ရည်ရွယ်ထားပါတယ်”ဟု စိမ်းလန်စီအဖွဲ့တည်ထောင်သူ မနှင်းဇာဖြူက MPA သို့ ပြောသည်။
ရာသီဥတုဒဏ်ခံနိုင်သည့် အပင်များ၊ အရိပ်ရကာ မြို့ပြနှင့်ကိုက်ညီသည့် အပင်များနှင့် ရခိုင်သဘာဝမျိုးများဖြစ်သည့် ဗာဒန်၊ ခမောင်း၊ သဝင်နှင့် ပိတောက်အပါအဝင် အကြီးမြန်သည့် အပင်တစ်မျိုးဖြစ်သော မန်ကျည်းပင်များအား စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
“အခက်ခဲတွေရှိပါတယ်။ အဖွဲ့အနေနဲ့ အပင်စိုက်ဖို့အတွက် မြေနေရာ သတ်မှတ်ချက်မရှိပါဘူး။ မြို့ဝင်နဲ့ တစ်ချို့မြို့တွေမှာ ချောင်းကမ်းနားတောက်လျှောက်ကို စိန်ပန်းတို့ ပိတောက်တို့လို လှတဲ့ အပင်တွေ စိုက်ချင်ပေမယ့် မြေပိုင်ရှင်တွေက အပင်ပေးမစိုက်ကြပါဘူး။ နောက်တစ်ခုက ကျွဲနွားတွေပေါ့။ ရခိုင်ပြည်က တောင်သူတွေက မိုးကုန် စားကျက်လွှတ်ချိန်မှာ မိမိတို့ ကျွဲနွားတွေကို လွှတ်ကျောင်းလေ့ ရှိပါတယ်။ အဲ့ဒီ ကျွဲနွားတွေက စိုက်ထားတဲ့ အပင်ငယ်တွေကို ခြံတိုးဖျက်ပြီး စားသွားတာကြောင့် အဓိက အပင်တွေပျက်စီးပါတယ်”ဟု မနှင်းဇာြဖူက ဆက်ပြောသည်။
ထို့အပြင် စစ်ပွဲအတွင်း မရှင်းလင်းထားရသေးသည့် မိုင်းအန္တရာယ်ကြောင့် စိမ်းလန်းစီအဖွဲ့အနေဖြင့် တောင်ပေါ်များတွင် သဘာဝသစ်တောမျိုးများ ပြန်လည်စိုက်ပျိုးရန်အတွက် မလုပ်ဆောင်နိုင်ခြင်းများ ရှိကြောင်းလည်း ဆိုသည်။
စိမ်းလန်းစီအဖွဲ့အနေဖြင့် သစ်ပင်များ စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးစရိတ်ထက် ထိန်းသိမ်းစရိတ်ကြီးမားသောကြောင့် အပင်စိုက်ပျိုးပြီးသော်လည်း ထိန်းသိမ်းရန်အတွက် စဉ်ဆက်မပြတ်ရန်ပုံငွေရရှိရေး ကြိုးပမ်းနေရကြောင်းလည်း သိရသည်။
“သဘာဝပတ်ဝန်းကျင်ဆိုတာက တစ်ဦးတစ်ဖွဲ့ကောင်း လုပ်လို့ရတာ မဟုတ်သလို တစ်ရက် တစ်လနဲ့ ပြီးပြတ်တာမျိုး မဟုတ်တဲ့အတွက် ချစ်တဲ့စိတ်ကို အခြေခံပြီး ဒီရေ ဒီမြေအတွက် အနာဂတ်တိုင်းပြည်အတွက်၊ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက် နိုင်တဲ့နေရာက ဝိုင်းဝန်းကူညီပေးပါ။ ပူးပေါင်းပေးပါ။ ထိမ်းသိမ်းပေးပါလို့ တိုက်တွန်းချင်ပါတယ်”ဟုလည်း မနှင်းဇာဖြူက တိုက်တွန်းပြောဆိုသည်။
စိမ်းလန်းစီအဖွဲ့သည် မြောက်ဦးမြို့နယ် အခြေစိုက်သည့်အဖွဲ့ဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက စတင်တည်ထောင်ကာ တက်ကြွလူငယ်များနှင့် စိတ်ဝင်စားသည့် ရဟန်းရှင်လူများ စုပေါင်းကာ အပင်များ ပြန်လည်စိုက်ပျိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။