စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊သာဇင်ကျေးရွာတွင် စစ်ကောင်စီတပ်က အသက် ၆၀ ေကျာ်အရွယ်ရှိ စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နေအိမ် ၆၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သာဇင်ကျေးရွာကို ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
” စစ်ကြောင်းဝင်လာမှတော့ ပြေးကြလွှားကြမှာပဲ။ စစ်တပ်ဆိုတဲ့အမျိုးက တွေ့တဲ့သူပစ်သတ်တာထုံးစံပဲလေ၊ ဘယ်တုန်းကကောင်းခဲ့လို့တုန်းဗျ။
အသက် ၆၀ ကျော် စိတ်ကျန်းမာရေးမကောင်းသူ စိတ်ဝေဒနာသည်ကိုပစ်သတ်တာ ၊ ဖမ်းခံထားရတဲ့ ဓားစာခံ ယောက်ျားသား ၃၀ ကိုအခုထိပြန်မလွှတ်သေးပါဘူး ” ဟု စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က သာဇင်ရွာသား လူလတ်ပိုင်းအရွယ် အမျိုးသား ၃၀ ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး TZ People Defense Force ၏ထုတ်လုပ်ရေးစခန်းကိုလည်း မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
TZ အဖွဲ့က မိုင်းအသက်သွင်းနေချိန်တွင် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ခဲ့ရာ စစ်တပ်က လိုက်လံ ပစ်ခတ်သော ကြောင့် လက်နက်အင်အားမမျှသဖြင့် နောက်ဆုတ်ပေးခဲ့ရကြောင်းသိရသည်။
TZ People Defense Force ထုတ်လုပ်ရေးစခန်းသည် သာဇင်ရွာ၏အနောက်ဘက်မှာ တည်ရှိပြီး မီးရှို့ဖျက်ဆီးခံရသောကြောင့် ထုတ်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းအပါအဝင် တန်ဖိုး ကျပ်သိန်း ၁၂၀ ဝန်းကျင် ဆုံး ရှုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံက သိရသည်ဟု စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
” မနေ့မနက်က အိုင်းဓမ္မ ၊ အင်းစ ဘက်မီးရှို့ပြီး ဆားတောင်ဘက်ပြန်ထွက်လာပါတယ်။ ဒီနေ့မနက် ပေါက်မ တောင်ရွာ မြောက်ရွာ ကို စကစ စစ်ကြောင်း ဝင်ခဲ့ပြီး ပေါက်မမြောက်ရွာကို မီးရှို့တာ ရွာလုံးကျွတ်အရှို့ခံရတယ်။ညနေ ၃ နာရီခွဲလောက်ပေါက်မ တောင်ရွာကို မီးရှို့နေပါတယ်” ဟု၎င်းကပြောသည်။
ပေါက်မတောင်ရွာနှင့်မြောက်ရွာအတွင်း မီးရှို့ခံရသည့် အိမ်အရေအတွက်ကိုမူ မသိရသေးပေ။