ကယား(ကရင်နီ)ပြည်နယ်အနီးထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိုင်းစစ် ရဟတ်ယာဉ်များ ဝဲပျံကာ ကင်းလှည့်နေကြောင်း ထိုင်းနိုင်ငံ အိမ်ဆောင်မြို့ရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ဇွန်လ ၁၃ရက်နေ့က ကယားပြည်နယ်၊မယ်စဲ့မြို့ရှိ မယ်စဲ့မြို့မရဲစခန်းနှင့် တပ်စခန်း၃ခုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့မျာက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများပစ်ခြင်းတို့ ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်အတွင်း တွင်လည်း ရဟတ်ယာဉ်များဖြင့်ဇွန်၁၃ရက်မှ ယနေ့အထိ ကင်းပတ်လျက်ရှိကြောင်း ထိုင်းနိုင်ငံ အိမ်ဆောင်မြို့ရှိ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ အခု မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး Mr.Chettha Mosikarat ထံ မယ်ဟောင်ဆောင်ခရိုင် ထိုင်း – မြန်မာနယ်စပ် အခြေအနေတွေကို တင်ပြထားတယ်။ထိုင်းတော်ဝင်လေတပ်စစ်ဆင်ရေးကွပ်ကဲမှုဗဟိုဌာနWing 4 က T – 50 လေယာဉ် ၂ စီးနဲ့ ပတ်နေကြတာ” ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ကယားပြည်နယ်၊ မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့တို့အကြား ထိုင်းဘက်ခြမ်းတွင် ယာယီစစ်ဘေးရှောင်စခန်း သုံးခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင် ၃၀၀၀ကျော် နေထိုင်လျက်ရှိကြောင်း ၎င်းက ပြောသည်။
“ အိမ်ဆောင်မှာ တစ်ခုရှိတယ်။ခွန်းယွန်းနားမှာလည်းရှိတယ်။ထိုင်းစစ်တပ်တွေလည်းရောက်နေတယ်။PDFတွေကို မထားဘူး။ကန့်သတ်ထားတယ်။ခိုးဝင်ရတာပေါ့။PDFက ထူးခြားပြီးသိသာနေတာမဟုတ်တော့ ဝင်ရလွယ်ပါတယ်။မယ့်စဲနဲ့ ဒီမော့ဆို အရှေ့ခြမ်းက စစ်ရှောင်တွေ ထိုင်းဘက်သွားနေနေကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကိုဖွဲ့စည်းလိုက်ကြောင်း ဇွန်၁၂တွင် ကြေညာပြီးနောက်တစ်ရက်၌ မယ်စဲ့မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများဖြစ်သည့် တောင်လှ စခန်း၊ မယ်တနွယ်နှင့်BP-14 စခန်းကုန်းတို့ကို တော်လှန်ရေးအင်အားစုက ပူးပေါင်းတိုက်ခိုက် ခဲ့သည်။