မုံရွာမြို့၊သာစည်ထောင်တွင် ထောင်ဖောက်မှုဖြစ်ပွားသည်ဆိုသော သတင်းများထွက်ပေါ်လာသည့်အပေါ် အတည်မပြုနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ဇွန်လ ၁၃ရက်နေ့ ည ၉နာရီခန့်က မုံရွာမြို့၊သာစည်ထောင်တွင် ထောင်ဖောက်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး လွတ်မြောက်သွားသည့် အကျဉ်းသားဦးရေ များစွာရှိကြောင်း အတည်မပြုနိုင်သည့် သတင်းများထွက်ပေါ်လာခဲ့သည့်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက MPAအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ည ၁၁နာရီလောက်က သာစည်က နိုင်ကျဉ်းမိသားစုဝင်တွေကို သတင်းမေးကြည့်တဲ့အခါ သေသေချာချာမသိသေးဘူးပြောတယ်။ဆိုတော့ကာ ဒီသတင်းက ဟုတ်ချင်လဲ ဟုတ်မယ်၊မဟုတ်ချင်လဲ မဟုတ်ဘူး။ မနက်မှပဲအတည်ပြုလို့ရမယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၈ရက်နေ့က တောင်ငူထောင်ရှိ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးမှ ထောင်တံခါးကို ခြေနဲ့ကန် တိုးထွက်ကာ သေနတ်လေးလက်လုယူ ထွက်ပြေးခဲ့ပြီး တစ်ဦးသေဆုံးကာ ၉ဦးလွတ်မြောက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ နိုင်ငံတဝန်းမှ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းသားအခွင့်အရေး များစွာချိုးဖောက်ကာ ဖိနှိပ်ရိုက်နှက်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။