ကယား(ကရင်နီ)ပြည်နယ်ရှိ ဖားဆောင်းမြို့အား စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ယနေ့ ဇွန်လ ၁၄ ရက်နေ့ နာရီပိုင်းအတွင်း သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ညတွင်းချင်း ထွက်ပြေး နေရကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယနေ့ ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီခန့်က ကယားပြည်နယ် ဖားဆောင်းမြို့၊ အရှေ့ဘက်ခြမ်းအား စစ်ကောင်စီ တပ်မှ လေကြောင်းဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဖားဆောင်းမြို့၊ ဝမ်အောင်းရှမ်းတံတား အရှေ့ဖက်ခြမ်းကို စကစဘက်က လေကြောင်းနဲ့ ၃ ကြိမ်တိုက်ခိုက်ခဲ့ တာပါ။ အဲ့နေရာက အခုပွဲကနေတဲ့နေရာပေါ့။ လေကြောင်းက ပစ်တော့ ပွဲမကဖြစ်တဲ့ နေရာတွေက ပြည်သူတွေ ကြောက်လန့်ပြီးပြေးကြတာပေါ့” ဟု ၎င်းက ပြောသည်။
အထက်ပါ လေကြောင်း ၃ ကြိမ် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗုံး ငါးလုံးထက်မနည်း ကြဲချခဲ့ပြီး သေဆုံး ထိခိုက်စာရင်းအား အတည်ပြုနိုင်ခြင်းမရှိကြောင်း KNDFတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
“ ညနေ ၄နာရီခွဲက ဖားဆောင်း စကစတပ်ကနေ သံလွင်အရှေ့ဖက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ပြီးတော့ စကစတပ်တွေက သံလွင်ကိုကူးပြီး အရှေ့ဖက်ကို စစ်ကြောင်းထိုးလာတာ။ ည ၇ နာရီလောက်မှ လေကြောင်းနဲ့ ဗုံးငါးလုံးကျော်တယ်ကြဲချတာ။ ထိခိုက်အကျအဆုံး မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်နေပြီး တာဝေးပစ်ဒုံးများဖြင့် ကရင်နီ၊ ဒေါတခြားနှင့် ကျွန်းတောဘက်ခြမ်းသို့ ယခုအထိ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။