မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် အာဏာသိမ်းခြင်းအား ဆန့်ကျင်သူများက အရပ်သားပြည်သူ ခြောက်ထောင်သုံးရာကျော်အား သတ်ဖြတ်ခဲ့ကြောင်း နော်ဝေနိုင်ငံအခြေစိုက် အော်စလို ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (PRIO) က ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကောက်ယူထားသော စာရင်းများအရ နိုင်ငံတစ်ဝန်းတွင် အရပ်သား ၆,၃၃၇ ဦး သေဆုံးခဲ့ကာ ၂,၆၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းအင်စတီကျုက ဆိုသည်။
“အရပ်သားပြည်သူတွေအပေါ်မှာ စစ်တပ်က အကြမ်းဖက်စစ်ပွဲ ဆင်နွဲခဲ့တဲ့အပေါ်မှာ ပြည်သူက လေးထောင်နီးပါးသေခဲ့တယ်။ ဒါက စစ်တပ်ကပဲ သတ်တာပေါ့။ နောက် နှစ်ထောင်ကျော်ကတော့ လက်နက်ကိုင် အရပ်သားတွေလို့ ပြောလို့ရတယ်။ အဲ့ဒီအထဲမှာက စစ်တပ်က စနစ်တကျ လက်နက်တပ်ဆင်ပေးထားတဲ့ အုပ်ကြီးကစလို့ ပြည်သူ့စစ်၊ ပျူစောထီးတွေ အသတ်ခံခဲ့ရတာပေါ့။ တကယ်တော့ PRIO ရဲ့ အစီရင်ခံစာက ကုလသမဂ္ဂတို့လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ယှဉ်ရင်တော့ ကွာဟချက်တွေ ရှိနေတာပေါ့”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပြောကြားသည်။
PRIO ၏ အစီရင်ခံစာတွင် စစ်တပ်သည် PDF ဟု သံသယရှိသူများနှင့် PDF ထောက်ခံသူများအား ပစ်မှတ်ထား သတ်ဖြတ်ခဲ့သည့်အပြင် PDF များမှလည်း စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူများနှင့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သူများအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် PRIO ၏ သုတေသနပါမောက္ခ Stein Tonnesson ကလည်း စစ်ကောင်စီတပ်သည် အရပ်သားများအား အဓိက သတ်ဖြတ်ခဲ့သူဖြစ်သည့်အပြင် အာဏာသိမ်းမှုဆန့်ကျင်သည့် အုပ်စုတွေကြောင့်လည်း အရပ်သား အများအပြား သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
အော်စလို ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (PRIO) မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် သေဆုံးရသည့် အရပ်သားပြည်သူ ခြောက်ထောင်သုံးရာကျော်သည် အာဏာသိမ်းစစ်တပ်မှ သတ်ဖြတ်သည့် ဖြစ်စဉ်များအပြင် တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းဆန့်ကျင်သူများ၏ သတ်ဖြတ်မှုများကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။
“PRIO အနေနဲ့ အရပ်သားလို့ သုံးနှုန်းထားတာက မပြည့်စုံဘူး။ အားနည်းချက်ရှိတယ်လို့ ပြောလို့ရတယ်။ စစ်တပ်က အရပ်သား ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်ဆိုတာက ငြင်းလို့မရဘူး။ စာရင်းတွေလည်း ရှိထားပြီးသားပါ။ သူတို့ကတော့ နှစ်ဘက်သတ်ဖြတ်မှုကြောင့်လို့ ပြောထားပေမယ့် အစွန်းရောက် အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်တိုင်တွေက အပြစ်မဲ့အရပ်သားတွေနဲ့ သပိတ်တွေ၊ CDM တွေကို လက်ထောက်ချပြီး သတင်းပေးတဲ့သူတွေကိုသာ ရှင်းလင်းတာလောက်ပဲ ရှိတာပါ။ ရှင်းလင်းတဲ့ နောက်ကွယ်မှာလည်း တချိန်ချိန်ကျရင်တော့ တရားမျှတမှုကို ဖော်ဆောင်ရာမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့တဲ့အတွက်လည်း ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုကတော့ ရှိကိုရှိမှာပါပဲ”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောဆိုသည်။
အာဏာသိမ်းပြီး လ ၂၀ အတွင်း စစ်တပ်မှ သတ်ဖြတ်သည့်အတွက် ငြိမ်းချမ်းစွာဆန္ဒပြ ပြည်သူများအပါအဝင် အရပ်သား ၃၀၀၃ ဦး သေဆုံးခဲ့ကာ အာဏာသိမ်းမှုဆန့်ကျင်သူတွေက သတ်ဖြတ်သည့်အတွက် အရပ်သား ၂၁၅၂ ဦး သေဆုံးခဲ့ကာ ကျန် တစ်ထောင်ကျော်သည် မည်သည့်အဖွဲ့အစည်းမှ သတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။