ရခိုင်ပြည်နယ်တွင် ဖျက်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓါတ်အားလိုင်းများ၊ ဓါတ်တိုင်များနှင့် လျှပ်စစ်တာဝါတိုင်များ များစွာ ပျက်စီးခဲ့ရပြီး တစ်လကြာသည်အထိ လျှပ်စစ်မီးများ မရသေးကြောင်း ဒေသခံများထံမှ သိရသည်။
“မီးကတော့ အခုထိမရသေးပါဘူး။ မုန်တိုင်းပြီးပြီးချင်းတုန်းကတော့ ပြင်တယ်တို့ ဘာတို့နဲ့ ကြားရပြီး တကယ်တမ်းက ရခိုင်တစ်ပြည်လုံးနီးပါးကို လျှပ်စစ်မီးက မရသေးတာပါ။ အဓိက မီးပေးတဲ့ ဓါတ်အားက ပျက်သွားတာဆိုတော့ ရဖို့က ကြာမယ်ထင်တယ်”ဟု ရခိုင်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ မုန်တိုင်းတိုက်ခတ်ပြီး တစ်ပတ်ခန့်အကြာတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်အတွင်း ဓါတ်တိုင်များအား ပြင်ဆင်နေချိန်တွင် မီးစက်ဖြင့် လျှပ်စစ်မီးပေးသွားမည်ဟု ကြေညာခဲ့သော်လည်း မီးမရခဲ့ကြောင်း သိရသည်။
“ဓါတ်တိုင်တွေ ပြင်နေချိန်မှာတော့ မီးစက်နဲ့ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း မရပါဘူး။ မီးမရလို့ အခုဆို ချက်ပြုတ်တာအတွက် ထင်းမီးနဲ့ ချက်တယ်။ ညဆိုလည်း ဖယောင်းတိုင်နဲ့ နေရတယ်။ နိုင်ငံတော်က ပြင်ပေးတယ်ဆိုပြီး ပြောနေပေမယ့်လည်း အခုထိတော့ မီးမရသေးဘူး”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မေလ ၂၅ ရက်မှ စတင်ကာ စစ်ကောင်စီမှ မီးစက်နှင့် မီးပေးခဲ့သော်လည်း လမ်းမီးများကိုသာ ပေးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားပို့လွှတ်သည့် ပုဏ္ဏားကျွန်းပင်မ ဓါတ်အားပေးခွဲရုံ ၂၃၀ ကေဗွီနှင့် အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ၂၃၀ ကေဗွီ မဟာဓါတ်အားလိုင်းများမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည်။
ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားအမြန်ဆုံးရရှိရန်အတွက် စစ်ကောင်စီမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွက်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာနှင့်ဝန်ထမ်း ငါးရာကျော်အား ရခိုင်ပြည်နယ်သို့ စေလွှတ်ထားပြီး ပြုပြင်နေသည်ဟု ဆိုထားသော်လည်း ရခိုင်မြောက်ပိုင်းဒေသများတွင်လည်း မေလ ၁၄ ရက်မှစတင်ကာ ယနေ့ထိ လျှပ်စစ်မီး မရသေးကြောင်း သိရသည်။