စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေသော လုံခြုံရေးတင်းကြပ်နေသည့် ရန်ကုန်တွင် ပြောက်ကျားသပိတ်တိုက်ပွဲပေါင်း ၈၆ ကြိမ် ပြုလုပ်နိုင်ခဲ့သည်ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ် အဖွဲ့အစည်း ဥက္ကဋ္ဌက အသိပေးပြောကြားသည်။
စစ်ကောင်စီတပ်၏ မတရား အာဏာသိမ်း အကြမ်းဖက်ချိန်မှ စ၍ ယနေ့အချိန်ထိ ရန်ကုန်မြို့တွင် ပြောက်ကျားသပိတ်တိုက်ပွဲပေါင်း ၈၆ ကြိမ်နှင့် လှုံ့ဆော်မှု စာတန်းပေါင်း ၁၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက ယခုလို ပြောသည်။
“ ဒါတွေအပြင် လှုံ့ဆော်စာတန်းချိတ်မှုပေါင်း ၁၀ ကြိမ်၊ လူမှုရေးပြစ်ဒဏ်၊ စီးပွားရေးပြစ်ဒဏ်နဲ့ တော်လှန်ရေးကမ်ပိန်းပြုလုပ်တဲ့အခါ လူထုပါဝင်လာစေရန် စည်းရုံးဖိတ်ခေါ်မှု ၉၅ ကြိမ်၊ လူငယ်ဗဟိုပြု အခမဲ့ ပညာရေး သင်တန်းဖွင့်လှစ် သင်ကြားမှု ၄ ကြိမ် စတဲ့ တော်လှန်ရေး တာဝန်အသီးသီးကို ထမ်းရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင်း မြို့ပြပြောက်ကျား ဖော်ဆောင်မှုများ လုပ်ဆောင်ရာတွင် အကြီးမားဆုံးအန္တရာယ်သည် CCTV တပ်ဆောင်ထားသည့် နေရာများနှင့် CCTV မှတ်တမ်းများ ဖြစ်ကြောင်း ဥက္ကဋ္ဌက ဆက်လက် ပြောသည်။
“ ကိုယ်အိမ်၊ ကိုယ်ဆိုင် အနီးတဝိုက်မှာ ပြောက်ကျားသပိတ် ဖော်ဆောင်သွားတယ်ဆိုတဲ့ သတင်းကြားရင် ချက်ချင်း CCTV မှတ်တမ်းတွေကို ဖြတ်ပစ်ပေးစေချင်တယ်။ စစ်ကောင်စီဘက်က သပိတ်လုပ်မယ့်နေရာကို ကြိုတင်သတင်းရပြီး ပိတ်ဖမ်းမယ့် အခြေအနေကြားကနေ ရေဘဝဲနဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ရအောင် ဖောက်ထွက်ပြီး အောင်အောင်မြင်မြင် သပိတ်တိုက်ပွဲဆင်နွှဲခဲ့တာတွေ၊ အကြမ်းဖက်စစ်ကောင်စီ စခန်းချရာ နေရာတွေနဲ့ အနီးတဝိုက်မှာ ပြောက်ကျားသပိတ်တိုက်ပွဲဆင်နွှဲပြီး အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာတွေကတော့ မှတ်မှတ်ရရတွေပါပဲ” ဟု ၎င်းက ပြောသည်။
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)သည် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှု ၃ကြိမ်နှင့် ရင်ဆိုင်ခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသည့် သပိတ်ရဲဘော် ၁၁ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။