ရန်ကုန်တိုင်း ဒေသကြီး၊ မြို့နယ်များတွင် လက်တလော ဗုံးပေါက်မှုများနှင့် ပစ်ခက်မှုများကြောင့် မြို့နယ်တချို့တွင် ဧည့်စာရင်းများ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အကြောင်းပြချက်မရှိဘဲ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ပြုလုပ်လာကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်နေ့ညက သင်္ကန်းကျွန်းမြို့နယ်တွင် လူငယ်အများစု နေထိုင်သည့် နေအိမ်များ၊ တိုက်ခန်းများကို ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်ပြီး လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး ရှိကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရသည်။
“ညကတော့ ကျွန်တော်တို့ ညာတိလမ်းထဲက တိုက်အခန်းအချို့ကို ဝင်စစ်တယ်ပေါ့ အရင်ရက်ကတော့မစစ်ဘူး။ ၁၃ ရက်နေ့ညမှ ဝင်စစ်တာ သူစစ်တဲ့ တိုက်ခန်းမှာ ကျ ယောင်္ကျားလေးတွေ စုနေတာများတယ် ကလေးတွေကလည်း နေတာကြာပါပြီ။ ဘယ်သူ့က လက်တို့လိုက်လဲတော့မသိဘူး။ အကုန်လုံးဖမ်းခေါ်သွားတာ ကလေးတွေက နေတာလဲကြာပြီ။ ဧည့်စာရင်းလည်းတိုင်တယ်။ မပြတ်ဘူး သူတို့ခရီးသွားမယ်ဆိုလည်း လာပြောတယ်။ ပြန်ရောက်ရင်လည်း အကြောင်းကြားကျတယ်။ သူတို့အများစုက စက်ရုံတွေ ကုမဏီတွေမှာ အလုပ်လုပ်ကျတာ ကျွန်တော်တိုက်ခန်းမှာ ငှားနေတာလဲ ကြာပါပြီ”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ တိုက်ခန်းပိုင်ရှင်က ပြောပါသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းကလည်း လှိုင်မြို့နယ်တွင် ရှောင်တခင်ဝင်စစ်ဆေးပြီး လူငယ်တချို့ကို ခေါ်ဆောင်သွားကြောင်း လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးထံမှ သိရသည်။
“ စစ်တဲ့အချိန်ကလည်း ည ၁၂နာရီကျော်နေပြီ လမ်းထဲမှာရှိတဲ့ အိမ်တိုင်းကိုစစ်တာမဟုတ်ဘူး မသင်္ကာတဲ့ အိမ်ကိုဝင်စစ်တာ လူနေအိမ်နေထက် တိုက်ခန်းတွေ အဆောင်လိုင်းခန်းတွေကို ပိုပြီးစစ်ဆေးတယ် မသင်္ကာလူငယ်တွေဆို တခါတည်းဖမ်းခေါ်ဆောင်သွားသည်ဟု လှိုင်မြို့နယ်၅ရပ်ကွက်ရှိ ပြည်သူတစ်ဦးက MPA သို့ ပြောသည်။
“ဧည့်စာရင်းဝင်စစ်တာက ၂ ည ရှိပြီပေါ့။ ပထမညကတော့ ရပ်ကွက်လူကြီးရယ် ရာအိမ်မှူးတွေရယ်ဘဲပါတာ ဧည့်စရင်းမတိုင်ရသေးတဲ့သူတွေကော ရက်လွန်နေတဲ့သူတွေကော မနက်ကျလာတိုင်ဖို့ လိုအပ်တဲ့ အထောက်အထား စာရွက်စာတန်းယူလာဖို့ဘဲ မှာသွားတာ ဇွန် ၁၃ ရက်နေ့ညကျ စစ်ကောင်စီလူအင်အား လက်နက်အပြည့်အစုံနဲ့ ဝင်စစ်တာ” ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် သူများကို ပြန်လွှတ်ပေးရန်အတွက် မိသားစုဝင်များ၊ အလုပ်တာဝန်ရှိသူများမှ သက်ဆိုင်ရာစခန်းရုံးများတွင် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ငွေကြေးပေးဆောင်ရပြီး ပြန်လည်ခေါ်ယူ နေရကြောင်း စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေအိမ်၊ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်မည်ဆိုလျှင် အိမ်ပိုင်ရှင်၊ တိုက်ခန်းပိုင်ရှင်များက ငှားရမ်းမည့်သူ၏ ကိုယ်ရေးအချက်အလတ်များကို ပြည့်ပြည့်စုံစုံတောင်းယူကာ ငှားရမ်းကြရန်၊ အိမ်ငှားနေသူများသည်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်း အဆက်မပြတ် တိုက်ကြရန်အတွက် စစ်ကောင်စီပိုင် သတင်းစာများတွင် ဇွန်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
လိုက်နာမှု မရှိသည့် နေအိမ်၊ တိုက်ခန်းများကို တွေ့ရှိလျှင် တရားရုံးတင်စစ်ဆေးပြီး ပိုင်ရှင်ကိုလည်း တရားစွဲထောင်ချခြင်း၊ နေအိမ်၊ တိုက်ခန်းများကို ချိတ်ပိတ်ခြင်းများ ပြုလုပ်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။