ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် တကသများ (ရန်ကုန်) နှင့် တကသကျောင်းသားဟောင်းများ အင်အားစုတို့မှ ပူးပေါင်းထုတ်ဝေသော “ဆီသို့” စာစဉ်ကို ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့၊ ယမန်နေ့တွင် “ဆီသို့” စာစဉ် အတွဲ ၅၊ အမှတ် ၁၂ ကို ဘုရားသုံးဆူမြို့နယ်ရှိ ပြည်သူအများ ဖတ်ရှုနိုင်ရန်အတွက် ဘုရားသုံးဆူမြို့နယ် သပိတ်စစ်ကြောင်းမှ ရဲဘော်များက ဖြန့်ချိပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ ဘုရားသုံးဆူမြို့ထဲကို ဖြန့်ဝေခဲ့တာပါ။ ကျတော်တို့ အဓိကကတော့ လိင်ပိုင်းဆိုင်ရာကိုဘဲ ရှင်းပြတယ်။ မြန်မာမိန်းကလေးအများစုက အရှက်အကြောက်ကြီးတယ်။ တစ်ခုခုဆို ဖွင့်မပြောတာတို့ အချင်းချင်းမတိုင်ပင်တာတို့ အဲ့ဒါကြောင့်မလို့ ဒီစာလေးတွေကို ဖတ်ပြီးတော့ တစ်ခုခုဖြစ်တယ်ဆို ရင် ဘယ်လိုမျိုးကာကွယ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲပေါ့ ဆိုပြီး သိရအောင်ပါ” ဟု ဆီသို့ စာစဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆီသို့ စာစဉ်ကို နှစ်ပတ်တစ်ကြိမ် ပုံမှန် စီစဉ်ထုတ်ဝေလျက်ရှိပြီး ယခုဆိုလျှင် ဆီသို့ စာစဥ်၊ အတွဲ ၅၊ အမှတ် ၁၃ အထိ ထွက်ရှိထားပြီဟု ဆိုသည်။
“ ကျတော်တို့ ပြည်သူတွေကို ဝေမျှတဲ့အချိန်မှာရော ပညာပေးမြေပြင်ကွင်းဆင်းတဲ့ အချိန်မှာရော ပြည်သူလူထုက စိတ်ဝင်စားမှုရှိတယ်။ အများစုက အရမ်းကြီး ထွေထွေထူးထူး ပြောစရာမလိုဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ဆီသို့မှ အပတ်စဉ် သတင်းစာကိုပါ စီစဉ်ထုတ်ဝေလျက်ရှိပြီး အတွဲ ၂၊ အမှတ် ၁၄ အထိ ထွက်ရှိထားကြောင်းလည်း သိရသည်။
တကသ ကျောင်းသားဟောင်းများ အင်အားစုနှင့် တကသများ (ရန်ကုန်) တို့မှ ပူးပေါင်း၍ ” ဆီသို့ စာစဉ် ” ကို ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ဆီသို့အနေဖြင့် ” နိုင်ငံတော်သစ်ဆီသို့ …မျှော်ရည်၍ ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေးအလွန်ကာလများတွင်ပါ ပြည်သူလူထုနှင့်အတူ တစ်သားတည်း ရပ်တည်သွားမည်ဟုလည်း ဆိုထားသည်။