မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူဦးရေ ၁.၈ သန်းသည် လက်ရှိချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းနောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁.၅ သန်းသည် လက်ရှိချိန်အထိ အိုးမဲ့ အိမ်မဲ့ဖြစ်နေကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ ဆင်းရဲမှုဝေဒနာအား ပိုမိုဆိုးရွားစေကာ ယင်းဆင်းရဲမှုဝေဒနာသည် မုန်တိုင်းအလွန် မုတ်သုံရာသီတွင် ပိုမိုထိခိုက်ခံစားရနိုင်ကြောင်းလည်း ဆိုသည်။
“အခုကတော့ မိုးကျတော့ စပါးစိုက်ရမယ့် အချိန်ဖြစ်ပေမယ့်လည်း ကျွဲ၊ နွားတွေလည်း မုန်တိုင်းကြောင့် သေခဲ့တယ်။ လယ်တွေလည်း ပျက်စီးတယ်။ ဘာမှ ပြန်လုပ်လို့မရသေးဘူး။ စီးပွားရေးနလန်ထူအောင် မနည်း ပြန်လုပ်ရဦးမှာ”ဟု ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။
ကုလသမဂ္ဂလူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ထောက်ပံ့နေဆဲဖြစ်ကာ ၂၀၂၃ ခုနှစ်၏ ပထမ ၃ လပတ်တွင် လူပေါင်း ၁.၄ သန်းအား အကူအညီများပေးနိုင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အစီအစဉ်၏ ၃၁ ရာခိုင်နှုန်းအား ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ကချင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းသည် အကူအညီများ ပေးနေသော်လည်း ရပ်ရွာအနှံ့ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းနှင့် ဖြည့်ဆည်းခြင်းများလည်း အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောကြားထားသည်။
ထို့အပြင် စစ်ကောင်စီမှ ကုလသမဂ္ဂအပါအဝင် INGOs များအား ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပိတ်ပင်သည့် ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်ပေးရန်လည်း ကုလသမဂ္ဂမှ တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။