ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘန်ကာအနီးရှိ ဦးထွန်းလင်းခြံလမ်းတွင် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ ကင်းလှည့်ယာဥ်နှစ်စီး ရောက်ရှိလာပြီး လမ်းသွားလမ်းလာအချို့အား ရပ်တား၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးထံမှ သိရသည်။
“ သူတို့က ဘာအဓိက စစ်လဲဆိုတော့ ဆေးခြောက်နဲ့ မှတ်ပုံတင် မျဥ်းစောင်းတွေ စစ်တာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ၎င်းတို့ မသင်္ကာသောသူများအား စစ်ဆေးခြင်းဖြစ်ပြီး လွယ်အိတ်ပါလာပါကလည်း လွယ်အိတ်အတွင်းသို့ နှိုက်ကာ စစ်ဆေးမှုပြုလုပ်သလို ဖုန်းများကိုလည်း စစ်ဆေးသည်ဟု ယင်းအဖြစ်အပျက်ကို မြင်သည့် လမ်းသွားလမ်းလာတစ်ဦးကလည်း ဆိုသည်။
ရန်ကုန်မြို့ နေရာအနှံအပြားတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ လှည့်ကင်းယာဥ်များ အမြဲမပြတ် သွားလာနေသည်ကို တွေ့ရပြီး အချို့နေရာများတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်ဟု စုံစမ်းသိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ စစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၅၉) ဦး ရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထားသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၃၂၃) ဦးရှိပြီး ထိုအထဲမှ (၁၈၉၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၃၄၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟုလည်း ယင်းအသင်းက ယနေ့တွင် ထုတ်ပြန်ထားသည်။
ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သလို မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦးရှိပြီဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၃၇) ဦး ရှိသည်ဟု (AAPP) က ထုတ်ပြန်ထားသည်။