ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်း- ကယားနယ်စပ် မိုးဗြဲမြို့တွင် ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများ ယနေ့ ဇွန်လ ၁၃ ရက်နေ့ဆိုလျှင် ၁၀ရက်မြောက်လာပြီ ဖြစ်ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးသံများကြောင့် ဒေသခံတစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲသည် ယနေ့အထိ မရပ်သေးဘဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ အများအပြား အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ မနေ့(ဇွန်လ ၁၂ရက်) ကပစ်တဲ့ လက်နက်ကြီးအသံတွေက တုန်ခါနေတာပဲ။ ပေါက်ကွဲသံတွေက ကျယ်လွန်းလို့ နမ့်ကွတ် ၊ ရေစီးကွေ့ဘက်က ပြည်သူတစ်ဦး နှလုံးရပ်ပြီး သေဆုံးသွားတယ်။ နှလုံးရောဂါ အခံရှိပုံရတယ်။အမျိုးသမီးတစ်ဦး ဆုံးသွားပါတယ်” ဟု ၎င်းကပြောသည်။
၁၀ ရက်မြောက်လာသည့် မိုးဗြဲတိုက်ပွဲသည် ယနေ့ ညနေ ၄နာရီ ၃၅မိနစ်က မိုးဗြဲမြို့လည်ခေါင်တွင် ပြန်လည် စတင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒီနေ့ ညနေ ၄နာရီခွဲလောက်က မိုးဗြဲမြို့ထဲက မြို့ဦးရပ်ကွက်နဲ့ စည်ကား ( ၂ ) ရပ်ကွက် မှာ စစ်တပ်နှင့် ထိတွေ့မှုဖြစ်တယ်။ ညနေ ၆ နာရီလောက်ကြတော့ လက်နက်ကြီးထုတယ်။ ၅လုံးလောက်ရှိမယ်။ အခုထိဖြစ်နေတုန်းပဲ။ စစ်တပ်ဘက်က အကျအဆုံးရှိတယ်။ ပွဲမပြီးသေးတော့ သေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် မိုးဗြဲမြို့ အနောက်ဘက်ရှိ ရွာများအား ဘေးကင်းရာသို့ အမြန်ဆုံးရွှေ့ပြောင်းရန် ယမန်နေ့က အရေးပေါ် သတိပေးထားရသည်။