စစ်ကောင်စီအနေဖြင့် ကုလသမဂ္ဂ (UN) အပါအဝင် INGOs အများစုကို ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ပြည်သူများအား အသက်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးအတွက် ထိခိုက်နစ်နာရကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ UN မှ ယနေ့တွင် ထုတ်ပြန်အသိပေးလိုက်သည်။
ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်းသင့်သည့် ဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် UNOCHA မှ ဦးဆောင်ကာ INGOs အဖွဲ့ ၁၁ ခုအတွက် စစ်ကောင်စီနှင့် ပြီးခဲ့သည့် မေလအတွင်းဆွေးနွေးခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ကာ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။
“ ဒီသဘာဝဘေးအန္တရာယ် တုံ့ပြန်မှုမှာ လေးပတ်ကြာပြီး မုတ်သုံရာသီမှာ ကောင်းမွန်စွာလုပ်ဆောင်နေတာကြောင့် နားမလည်နိုင်စရာပါပဲ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ လိုအပ်နေတဲ့သူတွေကို ထောက်ပံ့ဖို့ ငြင်းပယ်ခံနေရပါတယ်” ဟု ကုလသမဂ္ဂဌာနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Balakrishnan က ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ထားရကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီများ ပေးနေသူများတိုးလာနေသော်လည်း ရခိုင်ပြည်တွင် ဒေသဖွံ့ဖြိုးရေးအား နှစ်ရှည်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများကို ခရီးသွားခွင့်ပြုချက်အား ဇွန်လ ၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီဘက်က ပိတ်ပင်ခဲ့သည်။
“ခရီးသွားခွင့် ပိတ်ပင်ခဲ့တယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေး လုပ်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုပြီး ထုတ်ပြီးတော့ မနေ့ကပဲ ပြန်ခွင့်ပြုထားတယ်။ အခုတော့ ဒေသတွင်းက ကယ်ဆယ်ရေးတွေကတော့ လွတ်လွတ်လပ်လပ် သွားလို့ လာလို့ ရပါတယ်။ ကျန်တာတွေကတော့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲ မသိဘူး”ဟု ဒေသတွင်း ကယ်ဆယ်ရေးလုပ်နေသည့် လူငယ်တစ်ဦးက ပြောသည်။
မုန်တိုင်းသင့်ဒေသများမှ လူပေါင်း ၁.၆ သန်းအတွက် အမိုးအကာနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများကူညီရန်အတွက် ကုလသမဂ္ဂမှ ပြင်ဆင်စီစဉ်ခဲ့သော်လည်း စစ်ကောင်စီ၏ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းကြောင့် ရခိုင်ပြည်နယ်တွင် မွတ်ဆလင်အပါအဝင် ဒေသခံ ၃ သိန်းကိုသာ ထောက်ပံ့မှုပေးခဲ့ရကြောင်း သိရသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက သက်ဆိုင်ရာဒေသ မြို့နယ်အာဏာပိုင်များကို အသိပေးအကြောင်းပြီးမှ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းမှ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပရဟိတအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူများအနေဖြင့် ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ကူညီပေးအပ်နိုင်ပြီး တားမြစ်ခြင်းမရှိကြောင်းလည်း ဆိုသည်။