ကြားကာလ ဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် Mr. Sean Turnell အား ခန့်အပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ယနေ့တွင် ထုတ်ပြန်လာသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၂၃) အရ အပ်နှင်းထားသော အခွင့်အာဏာအား ကျင့်သုံး၍ Mr. Sean Turnell အား ကြားကာလဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ ကြားကာလဗဟိုဘဏ်အား ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း (၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) အရ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး Mr. Sean Turnell အား အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
Mr. Sean Turnell သည် အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
၎င်းသည် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အရ စစ်ကောင်စီမှ တရားစွဲဆိုခဲ့ကာ ရက်ပေါင်း ၆၅၀ အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
စစ်ကောင်စီမှ Mr. Sean Turnell အား ရက်ပေါင်း ၆၅၀ ထိန်းသိမ်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ကာ နယ်နှင်ဒဏ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လူမှုကွန်ရက်နှင့် သတင်းမီဒီယာများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မမှန်မကန်ပြောဆိုသည်ဆိုသော စွပ်စွဲချက်ဖြင့် လွတ်ငြိမ်းခွင့်အား ပြန်လည် ရုတ်သိမ်းထားသည်။