ရန်ကုန်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ လဆန်းပိုင်းမှ စတင်၍ YBS ယာဥ်လိုင်းအချို့က ယာဥ်စီးခများ တိုးမြှင့် ကောက်ခံလာခြင်းကြောင့် ခရီးသည်များ အခက်အခဲကြုံတွေ့နေရသည်ဟု YBS စီးနင်းသူများထံမှ သိရသည်။
YBS ယာဥ်စီးခများ ယခင်သတ်မှတ်ထားသော နှုန်းထားထက် မြင့်တက်လာသည့်အပြင် တစ်ဘက်တွင်လည်း စပယ်ယာများ တရားမဝင်လိုက်ပါ၍ ယာဥ်စီးခများ အဆမတန်ကောက်ခံမှုများ ရှိခြင်းကြောင့် အခက်ကြုံနေရကြောင်း ခရီးသည်များထံမှ သိရသည်။
“ ကားခတက်တာက ၂၀၀ ကနေ ၃၀၀ ကို တက်တာ မကြာသေးပါဘူး။ အခုလည်း ထပ်တက်မယ်ဆိုတော့ ဘယ်လိုပဲနေနေ ဘာဈေးတက်တက် အောက်ခြေလူတန်းစားတွေအတွက် အဆင်မပြေပါဘူး” ဟု YBS ယာဥ်စီးသူ ခရီးသည်တစ်ဦးက ဆိုသည်။
ဆိုင်ကယ်စီး၍ လည်းမရ၊ စက်ဘီးနှင့် သွားလျှင်လည်း ခရီးမရောက်သည့် နေရာများအား အလုပ်သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန်အတွက် မဖြစ်မနေ YBS များကိုသာလျှင် အသုံးပြုရသည့်အတွက် ယာဉ်စီးခတိုးလာသည့်အတွက် အခက်အခဲများ တွေ့ကြုံရသည်ဟု ဆိုသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းတချို့တွင် ကားခနှုန်းထားတက်သည့် အကြောင်းအား ကားပေါ်တွင် စာရွက်များ ကပ်ကာ အသိပေးထားသည်ဟု ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ယာဥ်စီးခ တိုးမြှင့်ကောက်ခံလာရသည့် ကိစ္စနှင့် ပတ်သက်၍ YBS ယာဥ်မောင်းတစ်ဦးကလည်း ” ဂတ်စ် စျေးမတက်ပါဘူး။ တန်းစီရတာ ကြာတာရယ်ကြောင့်လည်း မဟုတ်ဘူး။ ကားပြင်ဆင်စရိတ်နဲ့ ကားပစ္စည်းတွေ စျေးကြီးတာကြောင့်လို့ ထင်တာပဲ။ ပစ္စည်းဖိုးက ၃ ဆလောက်တက်လာသလို လက်ခကလည်း သောင်းဂဏန်းက အနည်းဆုံးပါ။ ဒါတွေကတော့ လစဥ်အစည်းဝေးမှာ တစ်လစာရှင်းတမ်း အရှုံးအမြတ်တွက်ရင်း မကိုက်လို့ ကုမ္ပဏီဘက်က နှုန်းထားတစ်ခု ပြောင်းလဲသတ်မှတ်တယ် ထင်တာပဲ။ ရုံးက သတ်မှတ်ချက် အသစ်တစ်ခုထွက်လာရင် ကားသမားတွေက အရင်သိပြီး အရင်စိတ်ညစ်ရတာပါ။ ခရီးသည်ကိုဘယ်လိုပြောရမလဲဆိုပြီး” ဟု ဆိုသည်။
ရန်ကုန်မြို့တွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် YBS ယာဥ်များကိုသာ အဓိကအားထား နေရသဖြင့် ယခုကဲ့သို့ ယာဥ်စီးခတိုးမြှင့်ကောက်ခံလာခြင်းကြောင့် လုပ်ခလစာ တိုးလာခြင်းမရှိသည့် အခြေခံလူတန်းစားများအတွက် ကုန်ဈေးနှုန်းများ တိုးမြင့်လာမှုနှင့်အတူ အဘက်ဘက်မှ ဘေးကျပ်နံကျပ်ဖြစ်ရသည်ဟု စုံစမ်းသိရှိရသည်။