၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စစ်ကောင်စီမှ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အစိုးရစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် စာသင်ကျောင်းများတွင် အတန်းပိုင်ဆရာမများက ၎င်းတို့ထံတွင် ကျူရှင်အပ်နှံရန်အတွက် ကျောင်းသားများထံ စာရင်းများ ကောက်ယူကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
“ကျောင်းစဖွင့်တဲ့ရက်ပဲ အတန်းရှေ့မှ အတန်းပိုင်က ထိုင်စောင့်ပြီးကို သူ့ဆီမှာ ကျူရှင်တက်ဖို့အတွက် စာရင်းကောက်တယ်တဲ့။ တချို့ကျောင်းသားတွေကလည်း စာရင်းပေးကြတယ်။ တချို့ကျလည်း မပေးဘူးပေါ့။ စာရင်းမပေးတဲ့ ကလေးတွေဆိုရင် စာမေးချိန်မရရင် ဖင်ချွတ်ရိုက်မယ်လို့ ပြောတယ်တဲ့”ဟု ရန်ကုန်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
အတန်းပိုင်ဆရာမများက ခေါ်ယူသင်ကြားသော ကျူရှင်လခသည် တစ်လလျှင် ငွေကျပ် ၅၀,၀၀၀ ရှိပြီး အပြင်ကျူရှင်လခသည် ၃၀,၀၀၀ မှ စတင်ကာ ရိုးရိုးဝိုင်းနှင့် အထူးဝိုင်းဟူ၍ ဈေးများ အမျိုးမျိုးရှိကြောင်း သိရသည်။
“နွေရာသီ ကျောင်းပိတ်ရက်တည်းက အပြင်ကျူရှင်မှာ အပ်ထားတာ။ အဲ့ဒီတုန်းကတော့ အစအပ်တာဖြစ်လို့ ၃၅,၀၀၀ ဝင်ကြေးဆိုပြီးတော့ ၅၀၀၀ ပေးရလို့ ၃၅,၀၀၀ဖြစ်တာပေါ့။ ကျူရှင်လခကတော့ ၃၀,၀၀၀ ပဲ။ သမီးတို့ အတန်းပိုင်လည်း ကျူရှင်ခေါ်တယ်။ ဆရာမဆီမှာကတော့ ၆၀,၀၀၀ တောင်မှ ပေးရတာဆိုတော့ ဈေးလည်းကြီးလို့ သင်တာက ကျောင်းနဲ့လည်း ဘာမှ မကွာဘူးလေ။ အဲ့ဒါကြောင့် မတက်ဖြစ်ဘူး”ဟု ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ ရှစ်တန်းကျောင်းသူတစ်ဦးက ပြောသည်။
အာဏာမသိမ်းခင် ယခင်ပညာသင်နှစ်များတွင် အတန်းပိုင်ဆရာမထံ ကျူရှင် တက်ရောက် သင်ကြားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ဆရာမဖြစ်သူသည် CDM ပြုလုပ်သွားခဲ့ကာ ကျောင်းတွင် အသစ်ထပ်ရောက်လာသည့် အတန်းပိုင်ဆရာမထံတွင်လည်း မသင်လိုသည့်အတွက် အပြင်ကျူရှင်တွင်သာ တက်ရောက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ကျောင်းက ဆရာမတွေကပဲ ပတ်လည်ပြန်ခေါ်သင်တာလေ။ အသင်အပြလည်း မကောင်းကြဘူး။ ပြီးတော့ ကျောင်းချိန်ကလည်း ၂ ချိန်ကျောင်းဖြစ်တော့ ကျူရှင်က ညနေစောင်းမှ ခေါ်တယ်။ ပြန်လွှတ်တော့ ညပိုင်း မှောင်တဲ့အချိန်ဆိုတော့ ကလေးအတွက် စိတ်ချရတဲ့ အနေအထားမဟုတ်လို့ မထားဖြစ်ပါဘူး”ဟု ယင်းကျောင်းသူ၏ မိဘဖြစ်သူက ဆက်လက်ပြောပြသည်။
ထို့အပြင် ကျောင်းသားမိဘများက ဆရာမများအနေဖြင့် ကျူရှင်သင်ပြနေသည့်အတွက် ကျောင်းတွင် အသင်အပြများ လျော့လာမည်ကိုလည်း စိုးရိမ်နေကြရသည်ဟုလည်း ဆိုသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စစ်ကောင်စီမှ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အစိုးရစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသူ ၆.၄၇ သန်းရှိကြောင်း ကြေညာထားသည်။