မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် တစ်လနီးပါးကြာသည်အထိ လမ်းခရီးသွားလာရ ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း မို့ခါမုန်တိုင်းကြောင့် လမ်းတံတားများ ပျက်စီး၍ သစ်ပင်များလဲပြိုကာ လမ်းများပိတ်ဆို့နေခဲ့ပြီး ပျက်စီးသွားသည့် အဆောက်အအုံများကိုလည်း ရှင်းလင်းရသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ကုန်ဈေးနှုန်း မြင့်တက်မှုအား ဒေသခံများအနေဖြင့် ကြုံတွေ့ခဲ့ရသည်။
“လမ်းပန်းဆက်သွယ်ရေးတွေက ခက်ခဲတာတွေရှိနေဆဲပဲ။ မုန်တိုင်းပြီးခါစကတော့ ချက်ချင်းသွားလာလို့တော့ မရခဲ့ဘူး။ အခုထိလည်း ကားလမ်းတွေက ချောချောမွေ့မွေ့တော့ မရှိဘူးပေါ့။ ဓါတ်တိုင်အကျိုးတွေနဲ့ သစ်ပင်တွေတော့ ခုတ်ကြ၊ ရှင်းကြတာရှိကြတယ်။ တချို့နေရာတွေဆို ကားလမ်းနဲ့ သွားမယ်ဆို နဂိုက ၁ နာရီ ၂ နာရီကြာရင် အခုက ၅ နာရီလောက်ကြာမှ ရောက်တာမျိုးတွေပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ဘက်ဆို ကယ်ဆယ်ရေးသမားတွေ သိပ်မရောက်ဘူး”ဟု ရခိုင်ပြည်နယ် ရွှေလှိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ်သင့် ပြည်သူများအနေဖြင့် အကူအညီများ လိုအပ်နေဆဲဖြစ်ကာ ကျေးလတ်ဒေသများတွင် အမိုးအကာများ၊ နေစရာနေရာများနှင့် စားနပ်ရိက္ခာများလိုအပ်နေဆဲဖြစ်သည်။
လက်ရှိချိန်တွင် စစ်ကောင်စီမှ ရခိုင်ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ခရီးသွားလာခွင့်နှင့် ဒေသတွင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြန်လည်ခွင့်ပြုထားသော်လည်း ဒေသခံများအနေဖြင့် လူသားချင်းစာမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာနိုင်ကြောင်း UNOCHA မှ ဇွန်လ ၉ ရက်နေ့က အသိပေးထားသည်။
“ကူညီကယ်ဆယ်ရေးကတော့ ကျွန်တော်တို့က အကုန်လုံးကို လုပ်ပေးချင်တာပေါ့။ တချို့ဒေသတွေဆို လမ်းပန်းဆက်သွယ်ရေးက ခက်တော့ မရောက်ဖြစ်တာတွေ ရှိတယ်။ တချို့နေရာတွေကတော့ ကုန်းလမ်းက မရရင် ရေလမ်းနဲ့ သွားလို့ရပေမယ့် တချို့နေရာတွေကျတော့ ရေးလမ်းပါခက်တယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ မြောက်ဦးမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဂွနှင့် မြောက်ဦး စသည့် မြို့နယ်များတွင် ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး စစ်တွေမြို့သည် ဆေးရုံ၊ ကျောင်းနှင့် မြို့မဈေး အပါအဝင် မြို့၏ ၉ ၈ရာခိုင်နှုန်းခန့် ပျက်စီးဆုံး ရှုံးခဲ့သည်။
“မုန်တိုင်းပြီးခါစကဆို လမ်းတွေက ပိတ်တာ ဆေးရုံ ဆေးခန်းသွားဖို့ဆို နာရီနဲ့ချီပြီးကို ကြာတယ်။ အခုလည်း လမ်းတွေက အရင်ကလိုတော့ ချောချောမွေ့မွေ့တော့ မရှိသေးဘူး။ သွားလို့တော့ ရတယ်။ ဒါပေမယ့် တချို့နေရာတွေဆို တံတားကျိုးတာတွေက အခုထိမပြင်ရသေးတော့ သွားလာရေးက ခက်ခဲတာပေါ့”ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) မှလည်း မိုခါမုန်တိုင်းကြောင့် လူပေါင်း ၅.၄ သန်းနီးပါး ထိခိုက်နိုင်ပြီး စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်နေကြောင်း၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ အမိုးအကာ၊ ရေသန့်၊ မိလ္လာနှင့် တစ်ကိုယ်ရေးသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်များလည်း ရှိနိုင်ကြောင်း ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ထားသည်။