အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မြို့တော် Sacramento မြို့၊ ပြည်နယ်လွှတ်တော်အဆောက်အဦးမှာ မြန်မာ-အမေရိကန် လူငယ်များနှင့် ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ်များသည် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၂ နေ့၊ အမေရိကန် စံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ကနေ ညနေ ၄ နာရီ ၁၅ မိနစ်အထိ လေးနာရီကြာ တွေ့ဆုံခဲ့ကြသည့် ယင်းတွေ့ဆုံပွဲကို Burma Day Event အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။
“တွေ့ဆုံပွဲစီစဉ်ခဲ့ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ အမေရိကန် အုပ်ချုပ်ရေးစနစ်မှာ မြန်မာလူငယ်တွေ ပါဝင်လာဖို့နဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အမေရိကန်နိုင်ငံသားတွေ ပိုသိလာအောင် ရည်ရွယ်တွေ့ဆုံခြင်း ဖြစ်ပါတယ်” ဟု တက်ရောက်ခဲ့သည့် အမေရိကန်ရောက် မြန်မာလူမျိုး အန်တီယုမှ ယခုလို ဆိုပါသည်။
Burma Day Event တွေ့ဆုံပွဲကို Sacramento မြို့၊ ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်နှင့် ပြည်နယ်တောင်ပိုင်း လော့အိန်ဂျလိစ်မြို့မှ မြန်မာ-အမေရိကန်လူငယ်များနှင့် မိသားစု ( ၇၀) ခန့် တက်ရောက်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
၎င်းတွေ့ဆုံပွဲတွင် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Senator Benjamin J Allen နှင့် Senator Dave Cortese တို့လည်း တက်ရောက်ကာ “မြန်မာပြည်သူများ၏ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးထောက်ခံ အသိအမှတ်ပြုကြောင်းနှင့် မြန်မာပြည်တွင်းမှ မြန်မာပြည်သူများ သာမက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသော ကယ်လီဖိုးနီးယားရှိ မြန်မာများ၊ ပြည်ပရောက်မြန်မာများနှင့်ပါ အတူရပ်တည်လျက် ရှိနေပါကြောင်း” စသဖြင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ-အမေရိကန်လူငယ် ၇ ဦးသည်လည်း ပါဝင် ဆွေးနွေးမိန့်ခွန်းပြောသွားခဲ့ကြကြောင်း၊ တက်ရောက်လာသူများအားလုံးကို မြန်မာ့တူရိယာ ပတ္တလားဖြင့် လည်းကောင်း၊ မြန်မာ့ဆီမီးခွက် အကအလှဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။