မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် နိုင်ငံရေးအမှုနှင့် တရားစွဲခံထားရသော အချုပ်သား ဂန့်ဂေါမြို့ခံ ဇဟောရွာသား နှင့် အမည်မသိရသေးသူ ၁ဦး၊ စုစုပေါင်း ၂ ဦးအား ဇွန်လ ၁၁ ရက် ယနေ့ နေ့လယ်အချိန်တွင် စစ်ကောင်စီတပ်သားများက ရဲစခန်းတွင် လာရောက်ခေါ်ဆောင်သွားကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
စစ်သားများက ခွေးဘီလူးကား ၂စီးဖြင့် နိုင်ငံရေးအကျဉ်းသား ၂ ဦးအား တင်ဆောင်သွားကာ နေ့လည် ၁ နာရီခန့်တွင် ဂန့်ဂေါမြို့နှင့် ပျားရွာ ကြားတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ နေ့လယ် ၁နာရီလောက်က သေနတ်သံ ကြားလိုက်တယ်။ အစက ဘာဖြစ်မှန်း မသိဘူး ပုံမှန်အတိုင်း သေနတ်ဖောက်တာထင်တာ။ ပြီးမှ အကျဉ်သား ၂ ဦးကို အရင်တစ်ခါ ကိုတင်သောင်း သတ်ခံရတဲ့နေရာမှာ သေနတ်နဲ့ ပစ်သတ်တာလို့ သတင်းကြားတာ၊ ဒီနေ့က ဂန့်ဂေါနှင့်ပျားရွာကြားကို ကားလမ်း ပိတ်ထားတာ” ဟု ဒေသခံ တစ်ဦးမှ MPA သို့ပြောသည်။
ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စ၍ စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားကြောင်းလည်း စုံစမ်းသိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသော နိုင်ငံရေး အချုပ်သား ၂ ဦးသည် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းတွင် နိုင်ငံရေးခံယူချက်ကြောင့် အဖမ်းခံရကာ ရဲစခန်းတွင် ဖမ်းဆီးခံထားရပြီး အမှူရင်ဆိုင်နေရသူများ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ပြီခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ မတိုင်ခင်က အမှူရင်ဆိုင်နေရသော နိုင်ငံရေး အကျဉ်သားများ၏ ဖိုင်တွဲများကို ရဲစခန်းတွင် လာရောက်ယူဆောင်သွားပြီးနောက် အမှုရင်ဆိုင်နေရသော ကိုတင်သောင်း အပါအဝင် ကိုမိုးဝင်းနှင့် အမည်မသိ အကျဉ်သား ၁ ဦး စုစုပေါင်း ၃ ဦးအား စစ်တပ်သို့ ခေါ်ယူကာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ကိုတင်သောင်းအား ရဲစခန်းမှ အရင် ခေါ်ယူသွားကာ ဂန့်ဂေါမြို့နှင့် ပျားရွာကြား တစ်နေရာတွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
နောက်ဆက်တွဲအနေနှင့် ဇွန်လ ၁၁ ရက် ယနေ့တွင် ဇဟောရွာသားနှင့် အမည်မသိရသေးသူ ၁ ဦး စုစုပေါင်း ၂ ဦး အား ထပ်မံခေါ်ဆောင်သွားကာ ဂန့်ဂေါမြို့နှင့် ပျားရွာကြား ယခင် ကိုတင်သောင်း အသတ်ခံရသည့် နေရာတွင် စစ်ကောင်စီမှ သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီတပ်များသည် ကိုတင်သောင်း၊ ဇဟောရွာသားနှင့် အမည်မသိရသေးသူ ၁ ဦးတို့အား ကာယကံရှင် မိသားစုများကို အသိပေးခြင်းမရှိဘဲ သတ်ဖြတ်ခဲ့ပြီး အလောင်းများကိုလည်း ပြန်လည်ပေးခြင်း မရှိကြောင်း သိရသည်။
ယခုဆိုလျှင် ဂန့်ဂေါမြို့တွင် နိုင်ငံရေးကြောင့် ဖမ်းဆီးခံထားရသူများ၏ အသက်အန္တရာယ်များသည် အလွန်ပင် စိုရိမ်နေစရာ ဖြစ်နေပြီ ဖြစ်ကြောင်း ဒေသခံများက စိုးရိမ်ပူပန်နေကြသည်ဟု စုံစမ်းသိရသည်။