ထိုင်း-မြန်မာနယ်စပ် ၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁)တံတားကနေ CI စာအုပ်၊ PJ ပတ်စပို့နှင့် PV အလည်ဗီဇာများဖြင့် ပြန်လည်ဝင်ရောက် လည်ပတ်နိုင်ပြီး နယ်ခြားဖြတ်ကျော်ခွင့် လက်မှတ်များဖြင့်လည်း ယခင်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဟု စုံစမ်းသိရပါသည်။
ဇွန်လ ၁၀ ရက်နေ့ ယမန်နေ့က ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း ဝင်ရောက်လာသူ တစ်ဦးက ယခုလို ဆိုပါသည်။
“ မနေ့က (ဇွန် ၁၀)က စပြီး ဝင်လို့ရတာပါ။ အရင်က ဘာလို့ မရတာလဲမေးတော့ သူတို့က ထိုင်းဘက်က ပေးမဝင်တာလို့ ပြောတယ်။ ဘာကြောင့်လဲ မသိဘူးတဲ့။ ဒီနေ့မှ ပြန်ပြီး ကျနော်က ဝင်လာတာပါ” ဟု အလည်ဗီဇာနှင့် ဝင်ရောက်လာသူ ကိုချမ်းက ဆိုသည်။
နောက်တဦးက “ကျွန်နော်ဆို အရင်က အလည်ဗီဇာနဲ့ လာရင် ၃ လနေရတယ်။ မပြန်ဖြစ်သေးလို့ သက်တမ်းထက်တိုးရင် ၁ လ ရတယ်။ အခုလာတော့ ၂ လပဲ ရတော့တယ်။ သက်တမ်းကတော့ ၁လတိုးပေးတယ် အရင်လို၄လတော့နေမရတော့ဘူး ၁လလျော့သွားတာ” ဟု အလည်ဗီဇာနှင့် လာရောက်သူ ကိုနိုင်လင်းကျော်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်က စတင်ကာ PV အလည်ဗီဇာနှင့် သူများကို မြန်မာဘက်မှ ထိုင်းဘက်သို့ ဝင်ခွင့် ခတ္တရပ်နားခဲ့ပြီး နယ်ခြားလက်မှတ်နှင့် ဝင်ရောက်သူများကိုလည်း ကိုဗစ် စစ်ဆေးခြင်းများနှင့် ကိုဗစ် ထိုးထားသည့် စာရွက်စာတမ်း စစ်ဆေးမှုများကို မြန်မာဘက်မှ လုပ်ဆောင်ခဲ့သည့်အတွက် အချိန်အကြာကြီးတန်းစီခဲ့ရသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း ဖြတ်သန်းခဲ့သူများထံမှ သိရသည်။
ဇွန်လ ပထမအပတ်က ဖြတ်သန်းခွင့် မရခဲ့သူ တစ်ဦးကလည်း “ ၈ ရက်နေ့က မဲဆောက်ကနေ မြဝတီဘက်ကူးမို့ အမှတ် ၁ တံတားကို သွားတာ ၁၀နှစ်ခံ ပန်းရောင်ကဒ်ဘဲ ရှိလို့ ကူးမရဘူးတဲ့ CI စာအုပ်ရယ်၊ passport ရယ်ရှိမှ ရမယ်လို့ ပြောပြီး ပြန်လွတ်တယ်” ဟု မဲဆောက်ရှိ မလှဝင်းအေးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်က မြန်မာဘက်မှ ဝင်ရောက်သည့်အခါ ကိုဗစ်စာရွက်စာတန်း မပါလျှင် ပေးမသွားခြင်းများ ရှိခဲ့သည့်အတွက် တံတားပိတ်သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သေးကြောင်း မြဝတီဘက်တွင် ဆိုင်ကယ် ကယ်ရီ ဆွဲသူတစ်ဦးထံမှ သိရသည်။