ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့် သရုပ်ဆောင် မေပန်းချီကို စစ်ကောင်စီတပ်မှ ထောင် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က သရုပ်မေပန်းချီအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စစ်ခုံရုံးတွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မေပန်းချီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဧပြီလထဲက ဖမ်းသွားတာ။ ရုံးချိန်းနှစ်ခါ တက်လိုက်ရတယ်။ မနေ့ကမှ အမိန့်ချတာပေါ့။ ဖေ့ဘုတ်မှာ အနက်ရောင် ပရိုဖိုင်လေးချိန်းတာလေးကို ၅၀၅ (က) နဲ့ ချလိုက်တာပေါ့” ဟု မေပန်းချီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သရုပ်ဆောင်မေပန်းချီသည် ယခုနှစ်၊ ဧပြီလအတွင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်သဖြင့် သေဆုံးခဲ့ရသည့် ပြည်သူများနှင့်ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် အနက်ရောင်ပရိုဖိုင်ချိန်းခဲ့သဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မေပန်းချီ၏ နေအိမ်သို့ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံရသည့် သရုပ်ဆောင်မေပန်းချီအား ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ကာ ရုံးချိန်းနှစ်ကြိမ်အပြီးတွင် စစ်ခုံရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။