စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပတ်မြို့ပတ်ဝန်းကျင်ရှိ နာနတ်သီးစိုက်တောင်သူများ နာနတ်သီးပေါ်စတွင်ပင် ဈေးနှိမ်ခံနေရကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
“အရင်က ပေါ်ခါစ ဦးဦးဖျားဖျား အလုံးကြီး တစ်လုံးကို ၄ ထောင်ကျပ် သွင်းရတယ်။ အခု ပေါ်ခါစကို ၂၅၀၀ ကျပ်ပဲ ရတယ်”ဟု နာနတ်သီးစိုက်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ခမ်းပတ်မြို့သည် ကလေးမြို့နှင့် တမူးမြို့ကြား၊ ချင်းတောင်တန်းကြီး၏ ခြေရင်းတွင်တည်ရှိသော မြို့ကလေးဖြစ်ပြီး ခမ်းပတ်မြို့နှင့် ပတ်ဝန်းကျင်ရွာများတွင် ချင်းလူမျိုးများအများစုနေထိုင်ကြကာ နာနတ်သီးစိုက်ခင်းများကို အများဆုံးစိုက်ပျိုးသည့် မြို့ဟုဆိုသည်။
“အများဆုံးကတော့ ကလေးပွဲရုံပို့ကြတာပေါ့။ တမူးကတော့ အော်ဒါရှိမှ ပို့ရတာ”ဟု နာနတ်သီးစိုက် ဒေသခံတစ်ဦးက ဆက်ပြောသည်။
နာနတ်သီးစိုက်တောင်သူများအနေဖြင့် နိုင်ငံရေးအခြေအနေမကောင်းသည့်အတွက် နာနတ်သီးတင်ပို့ရာတွင်လည်း စစ်ဆေးမှုများစွာခံကြရပြီး နာနတ်သီး အလေအလွင့်ဖြစ်ရသည့် အခြေအနေများလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။
“လမ်းမှာက ပြည်သူ့စစ် (စကစ၏ ပျူစောထီး) တွေ ရှိတာပါ။ ယောက်ျားလေးဆို ဖုန်းစစ်၊ တက်တူးစစ်တယ်။ သူတို့ကို ဆယ်ဖို့ တစ်ဖို့ ပေးရတယ်။ ကားပေါ်အလုံး ၁၀၀ တင် ပွဲရုံကို ၈၀ လောက်ရောက်တာ”ဟု နာနတ်သီးစိုက်တောင်သူက ဆက်ပြောသည်။
နာနတ်သီးပေါ်စ ဈေးကောင်းရချိန်သည် ယခုဇွန်လ ပထမအပတ်ဖြစ်ပြီး နောက် ၂ ပတ်ခန့်ရောက်လျှင် နာနတ်သီးဈေးကျတော့မည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။