စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကြီးရွာရဲစခန်းကို PDF များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှ ညောင်ပင်ကြီးရွာကို ယနေ့အထိ ဆက်လက်မီးရှို့နေကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇွန်လ (၉) ရက်နေ့ည ပိုင်းတွင် စစ်ကောင်စီတပ်များမှ ညောင်ပင်ကြီးကျေးရွာ၊ ထန်းတောဆိပ် (အလယ်ဆိပ်) ကို စတင်မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ ထောင်ချီစစ်ဘေးရှောင်နေကြရသည်ဟု ဆိုသည်။
” ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူးဗျ၊ အရင်၂ ရက်က သူတို့ စခန်းသိမ်းခံရလို့ စခတွေ (စစ်ကောင်စီ) ယုတ်မာနေကြတာ။ ဒီနေ့ နေ့လယ်အထိကို မီးလိုက်ရှို့နေတာ လက်ရှိအချိန်ထိ အိမ်ခြေ ၅၀ ကျော်လောက် မီးထဲ ပါသွားပြီ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှ ညောင်ပင်ကြီးရဲစခန်းတစ်ဝိုက်ရှိ အိမ်များနှင့် ညောင်ပင်ကြီးကျေးရွာအုပ်စု၊ အမှတ်၃/၄ ရပ်ကွက်အပါအဝင် နေရာ ၃ နေရာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်များမှ ညောင်ပင်ကြီးကျေးရွာရှိ သုံးဆူကျောင်းတစ်ဝိုက်ကို မီးထပ်ရှို့ခဲ့သည်ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။
“ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီလက်အောက်ခံ စခန်းမှုး ရဲအုပ်ဇော်ဌေးမြင့် ဦးစီးသော အင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၁၂) ဦး သေဆုံးကာ လက်နက်ခဲယမ်းများနှင့်ငွေများ သိမ်းဆည်းရမိခဲ့သည် “ ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
PDF ပူးပေါင်းတပ်ဖွဲ့များဖြစ်သော ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဆားလင်းကြီး-ပကဖ) နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့မှ စစ်ကောင်စီ၏ ညောင်ပင်ကြီးရွာရဲစခန်းကို တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ပြီး PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်(၁) ဦးကျဆုံး၍ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ MI-35 လေယာဉ်တစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရဲစခန်းအား အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။