လာမည့် ဇွန်လ ၁၅ ရက်နေ့မှစ၍ အမှတ် ၈ လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာမည့် ယာဉ်များအား အသာတကြည် စစ်ဆေးမှုခံယူကြရန် တပ်မဟာ ၆ မှ သတိပေးထားပြီး မလိုက်နာပါက တာဝန်ယူမည်မဟုတ်ကြောင်း KNU တပ်မဟာ ၆ မှ ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က KNU၊ တပ်မဟာ ၆၊ အမှတ် ၂၇ တပ်ရင်း၊ တပ်ရင်းမှုကိုယ်တိုင် လက်မှတ်ရေးထိုးကာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်နှင့် မြိတ်မြို့ရှိ အမှတ် ၈ လမ်းမကြီးပေါ် ဖြတ်သန်းသွားလာသည့် ယာဉ်များအား သက်ဆိုင်တာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အထက်ပါ ထုတ်ပြန်ချက်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမှတ် ၈ လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာမည့် ယာဉ်များအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ယာဉ်ပေါ်သို့ တင်ဆောင်ခြင်း၊ အတူတကွသွားလာခြင်း မပြုရဘဲ ကြည်ဖြူစွာ စစ်ဆေးခံရမည်ဖြစ်ကြောင်း ပါရှိသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် စစ်ဆေးမှုပြုသည့် ကြည်ဖြူစွာ လက်ခံပေးရမည်ဖြစ်ပြီး မလက်ခံပါက ပေါ်ပေါက်လာမည့် မည်သည့်ကိစ္စကို မဆို တာဝန်ယူမည်မဟုတ်ကြောင်း ထည့်သွင်းရေးသားထားသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပုလောမြို့နယ်၊ KNU၊ တပ်မဟာ ၄၊ တပ်ရင်း ၇ ရှိ တာဝန်ရှိသူ KNDO ဗိုလ်ကြီးတစ်ဦးအား မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
“ ဟုတ်ပါတယ်။ နေရာဒေသအလိုက်စစ်ဆေးသွားမှာပါ။ အမှတ် ၈ လမ်းမကြီးဆိုတာ ကျွန်တော်တို့နေရာကဆို ပြည်ထောင်စုလမ်းမကြီးပေါ့။ အဲ့ဒီလမ်းမတကြောလုံးကို ထိုးဖောက်ထိန်းချူပ်လှုပ်ရှားနေတာမို့ အခုလိုလုပ်တာပါ။ ကျန်တာတော့ဘာမှ ပြောခွင့်မရှိပါဘူး” ဟု KNU၊ တပ်မဟာ ၄၊ တပ်ရင်း ၇ ရှိ တာဝန်ရှိသူ KNDO ဗိုလ်ကြီးတစ်ဦးက ပြောသည်။
KNU၊ တပ်မဟာ ၆ ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NUG လက်အောက်ခံ မြိတ်ခရိုင်တပ်ရင်း ၁ PDF ရုံးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ ညွှန်ကြားချက် မရရှိသေးကြောင်း သိရသည်။