ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ပုလဲလမ်း ဂတ်စ်ဆိုင်အနီးတွင် ရပ်ထားသည့် YBS 21 ယာဉ်ကို ဆိုင်ကယ်တစ်စီးမှ နောက်က ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ် ပါသူတစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၀၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ရွှေပြည်သာမှ အင်းစိန်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်သည် ပုလဲလမ်း gas ဆိုင်အနီးတွင် ရပ်ထားသည့် YBS 21 ယာဉ်အနောက်ဘက်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာမှ ဆိုင်ကယ် မောင်းသူ အမျိုးသားသေဆုံးကာ လိုက်ပါလာသူ အမျိုးသားမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေး အသင်းထံမှ စုံစမ်းသိရသည်။
” ကျောက်ပြားလမ်းဂတ်စ်ဆိုင်မှာ ဂတ်ဖြည့်တဲ့ကားတွေ ရပ်ထားတာ၊ အဲ့နားက မှောင်ကလဲမှောင်နေတယ်၊ ဆိုင်ကယ်သမားက မူးပြီးမောင်းလာတာထင်တယ်၊ အိပ်ငိုက်ပြီး တိုက်မိတယ်လို့ ယူဆလို့ရတယ် ” ဟု အသင်းတာဝန်ရှိသူတစ်ဦးမှ ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် အမျိုးသား တဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး နောက်တဦးသည် ထိခိုက်ဒဏ်ရာပြင်းထန်၍ (အနီရောင်အဆင့်) သတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
” အသက်အားဖြင့် ၂၅ နဲ့ ၂၈ ဝန်းကျင်လောက် ရှိမယ်။ ဆေးရုံရောက်သွားတဲ့တယောက်ကတော့ အနီရောင်အဆင့်လို့ သတ်မှတ်တယ်၊ Dead body ဖြစ်သွားတဲ့ တယောက်ကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ” ဟု ဆိုသည်။
အခင်းဖြစ်ပွားရာနေရာအား အင်းစိန်လူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီကယ်ဆယ်ခဲ့ပြီး သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသော အမျိုးသားတို့အား လူမှုကူညီရေးအသင်းယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။