ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ၈ ရက်မြောက်လာပြီ ဖြစ်ပြီး ယနေ့တွင် လွိုင်ကော်မြို့မှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်မှ ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။
မိုးဗြဲမြို့အတွင်း ယနေ့ နံနက် ၇နာရီ ၁၅မိနစ်မှ စတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများသုံးကာ ပစ်ခတ်လျက်ရှိကြောင်း မိုးဗြဲ PDF (MBPDF) ၏ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“ မနက် ၇နာရီလောက်က စဖြစ်တာ။ ၁၀နာရီကျော်လောက်မှာ ခဏ နားတယ်။ ၁၁ နာရီက ပြန်စပြီး အခုထိ ပစ်နေကြတာပဲ” ဟု ၎င်းက ပြောသည်။
ယနေ့ မိုးဗြဲတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးများနေကြောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် ၅၄ တပ်ရင်းမှ တာဝေးပစ်ဒုံးများဖြင့် မိုးဗြဲမြို့အတွင်းသို့ ပစ်ခတ်လျက်ရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ တိုက်ပွဲ တော်တော်လေး ပြင်းထန်နေပြီ။ လက်နက်ကြီးတွေ ထုတာမြေတွေ တအားတုန်ခါထွက်နေရော၊ လွိုင်ကော်က စစ်ကောင်စီတပ် ၅၄ တပ်ကပါ လက်နက်ကြီးတွေ ပစ်ကူနေတာမို့ နေ့လည် ၁၂နာရီလောက်ကစပြီး ကြမ်းလာတာ။ လေယာဉ်ပစ်ကူတော့ မလာသေးဘူး” ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ မိုးဗြဲတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဘက် အကျအဆုံး စာရင်းကို တိတိကျကျ မထုတ်ပြန်သေးဘဲ ယမန်နေ့က မိုးဗြဲ PDF မှ ရဲဘော်နှစ်ဦးကျဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။