စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် စခန်းကြီးရွာ စစ်ကောင်စီစခန်းမှ ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သဖြင့် ချမ်းသာကြီးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားကျောင်းအပါအဝင် နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။
“နှစ်လုံးကျတာ။ လူထိခိုက်မှုမရှိဘူး ညီ။ ဘုရားကျောင်းနဲ့ နေအိမ် ၂ လုံး ထိခိုက်တယ်။ ကလေးမူကြိုကျောင်းထိခိုက်တယ်။ တိုက်ပွဲမဖြစ်ဘူးညီ။ ဒီအတိုင်းလျှောက်ထုနေတာ။ စခန်းကြီးဘက်က ထုတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ချမ်းသာကြီးရွာသည် စခန်းကြီးရွာ၏ အနောက်တည့်တည့်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရွာဖြစ်သည်ဟု သိရသည်။
ကလေးမြို့စစ်ကောင်စီတပ်များသည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိကျေးရွာများသို့ မေလကုန်ပိုင်းမှစ၍ ယခုဇွန်လအထိ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးတောင်ပိုင်း ထိုမာ၊ ရေလဲဦး၊ သာယာဝတီနှင့် ထောက်ကြန့်ရွာများမှ ပြည်သူ ၅ ဦးသေဆုံး၍ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရပြီး ကလေးမြောက်ပိုင်း လက်ပံချောင်းရွာမှ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
စာတည်း – သူရ