ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မေတ္တာဥယျာဉ် ပညာဒါန ပရဟိတကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ၈၀ ရာခိုင်နှုန်းကျော်ရရှိကြောင်း သိရသည်။
“စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းကို ဝင်ဖြေတာက ၃၆ ယောက်ဖြေတာ ၂၈ ယောက် အောင်တယ်။ အရင်နှစ်တွေကတော့ ရာခိုင်နှုန်းအားဖြင့်ဆို ၅၀ ကျော်ရှိပါတယ်။ ဒီနှစ်က ၈၀ ကျော်ထိဆိုတော့ ပိုများလာတာပေါ့။ ကိုယ့်ကျောင်းက ကလေးတွေ အောင်ချက်ကောင်းတယ်ဆိုတော့ ပျော်မဆုံးဘူးပေါ့”ဟု မေတ္တာဥယျာဉ်ပညာဒါနိ ပရဟိတကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝဏ္ဏိတမှ MPA သို့ မိန့်သည်။
တက္ကသိလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ၂၈ ဦးဝင် ဂုဏ်ထူးရကျောင်းသား ၁၂ ဦး ရှိကာ ရိုးရိုးအောင်သော ကျောင်းသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။
၃ ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၇ ဦးနှင့် ရိုးရိုးအောင် ကျောင်းသား ၁၆ ဦး စုစုပေါင်း ၂၈ ဦး အောင်မြင်ကြောင်း ဆရာတော် ဦးဝဏ္ဏိတ မိန့်သည်။
လက်ရှိချိန်တွင် မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ၉၈ ရာခိုင်နှုန်းခန့်ပျက်စီးသွားသည့်အတွက် ပြန်လည်တည်ဆောက်နေဆဲဖြစ်ကာ တည်ဆောက်ပြီး ကျောင်းဆောင်များတွင် ကျောင်းသူ/သား ဦးရေ ၆၀၀ ကျော် ပညာသင်ယူနေပြီး ကျန်ကျောင်းဆောင်များ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုနေကြောင်း သိရသည်။
မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းအား ၂၀၁၆-၂၀၁၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကာ အမှတ် (၁) ကျောင်းဆောင်သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ရှိကာ အမှတ် (၂) နှင့် (၃) ကျောင်းဆောင်သည် ရခိုပြည်နယ် ကျောက်တော်မြို့နယ်တွင် တည်ရှိသည်။