ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ နာမည်ကြီး KTV & Clubတစ်ခုတွင် မေလတတိယပတ်အတွင်းက Happy Water အမည်ရှိ မူးယစ်ဆေးတစ်မျိုးသုံးစွဲပြီး ဆေးလွန်သေဆုံးသူ ၁၂ဦးအထိရှိကြောင်း သိရသည်။
“ K တွေရှူရင်း Happy Waterရော E တွေပါ အွန်လိုက်ကြတော့ သေတာပဲ။ဆေးရုံမရောက်လိုက်ဘဲ ဆေးလွန်ပြီး သေကြတာပေါ့။သတင်းကတော့ မြို့ကလူတွေလောက်ပဲသိပြီး ပျောက်နေတယ်။H နဲ့စတဲ့ Clubပါ သေသွားတဲ့သူတွေက ၁၈၊၁၉လောက်လေးတွေ တော်တော်ငယ်သေးတယ်” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
Happy Water မူးယစ်ဆေးသည် ကဖိန်း၊ကေ၊ဒိုင်ရာဇီပန်၊အိုက်စ်(ice)၊ကေ(K)၊အီး(E)နှင့် ထရာမာဒေါတို့ပေါင်းစပ်ထားUM အမှုန့်ပုံစံဖြစ်ပြီး ရိုးရိုးရေ ၊ ဖျော်ရည်(သို့)ကော်ဖီ ထဲသို့ အနည်းငယ်ထည့် သောက်သုံး၍ရသည့် စိတ်ကြွဆေးတစ်မျိုးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊မူဆယ်မြို့ရှိ ပန်းဆိုင်းမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးများပါ ရောင်းချသည့် KTVနှင့် CIubများ၌ယခုနှစ်အတွင်း မူးယစ်ဆေးလွန်၍ သေဆုံးသူမှာ ၁၀ဦး ထက်မနည်းရှိကြောင်း ပန်ဆိုင်းမြို့နယ်ရှိ KTVတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
K (Ketamine)ကို ဘား၊ကလပ် နှင့်KTVများတွင် အများဆုံး အသုံးပြုကြပြီး ဆေးရှိန်ပြနေသည့်အချိန်၌ မမောပန်းဘဲ တစ်ညလုံး ကခုန်နေနိုင်အောင် လှုံ့ဆော်ပေးသည့် ပစ္စည်းဖြစ်သည်။ထို့အပြင်ခန္ဓာကိုယ်ကို ထုံထိုင်းကာ အသိစိတ်ပျောက်စေသည့် ပစ္စည်းအမျိုးအစားဖြစ်ပြီး ပန်ဆိုင်းရှိ KTVများတွင် ဝန်ထမ်းအမျိုးသမီးများအား အခမဲ့အသုံးပြုခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။
“ ဒီနှစ်မှာဆို ၁၁ယောက်လောက်ရှိတယ်။အဓိကက Kရှူပြီးသေတာနဲ့ Happy Waterကြောင့်သေတာလည်းရှိတယ်၊အပြင်မှာ ဘိန်းထိုးလာပြီး ဒီမှာလာကဲရင်း မူးယစ်ဆေးတွေ နှစ်မျိုး၊သုံးမျိုး ရောသွားသလိုဖြစ်ပြီး သေကြတာ။ဒီမှာ အလုပ်လာလုပ်နေတဲ့ ကောင်မလေး ၅ယောက်လည်း ဆေးလွန်ပြီးသေသွားဖူးတယ်၊အလကားရတော့ Kကိုရှူရင်း လွန်သွားတာ။နှလုံးရပ်ပြီး သေသွားတာ၊လူသေတော့ “ လုံရှင်း” KTVပိတ်လိုက်ရတယ်။” ဟု ၎င်းကဆက်လက် ပြောသည်။
လက်ရှိယင်းဒေသ ဈေးကွက်ပေါက်ဈေးအရ K(KETAMINE)တစ်ထုပ်(1 g)လျှင် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ လေးသောင်းကျပ်မှ ၉သောင်းကျပ်အထိရှိပြီး Happy Water တစ်ဗူးလျှင် သုံးသောင်းကျပ်မှ ခြောက်သောင်းကြားရှိကြောင်း သိရသည်။