ဇွန်လ ၉ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့အဝင်တွင် ဖမ်းဆီးထားသည့် ကယ်ဆယ်ရေးကားများအား စစ်ကောင်စီမှ ယနေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းအရင်းမြစ်တစ်ဦးမှ MPA သို့ ပြောသည်။
“ကယ်ဆယ်ရေးကားတွေကတော့ ပြန်လွှတ်ပါပြီ။ ဒါပေမယ့် လူကယ်ပြန်ဝန်ကြီးဌာနကို လှူရမယ်လို့ ပြောပါတယ်။ ပြီးတော့ ဘယ်ကိုမှလည်း မလှူရဘူးလို့ ပြောတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော သတင်းအရင်းအမြစ်က MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ကားများအား မြောက်ဦးမြို့အဝင် ၅၄၀ တပ်ရင်း၏ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြုဘဲ ယမန်နေ့ညပိုင်းက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
“ဒါတွေကလေ နာဂစ်တုန်းကလည်း ဖြစ်ဖူးတယ်။ အဲ့ဒီတုန်းက နိုင်ငံတကာကလှူတဲ့ ပစ္စည်းတွေကို ဆယ်အိမ်မှူးတွေ ရာအိမ်မှူးတွေက ဖြတ်စားတယ်ပေါ့။ ဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် သူတို့လက်မှတ်ပါမှ ရခဲ့ကြတာပေါ့။ နိုင်ငံတကာက လှူတာတွေကိုတောင် ခေါင်းပုံဖြတ်ထားခဲ့ကြတာပေါ့။ အခုကတော့ သူတို့ကိုယ်တိုင်က ဖြတ်တောက်တာ ခေါင်းပုံဖြတ်တာပေါ့။ သူတို့က သူတို့ကိုယ်ကျိုးစီးပွားကလွဲရင် ကျန်တာဘာမှကို ဂရုမစိုက်တဲ့ စစ်တပ်ကို ပြစ်မှုအနေနဲ့ကတော့ ပြည်သူကပဲ ပြန်ပေးမှာပါ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ပြည်နယ်စစ်ကောင်စီ၏ ပေါင်းစပ်ညှိနှိင်းရေးကော်မတီမှ ရခိုင်ပြည်အတွင်း ကယ်ဆယ်ရေးအဖွဲများအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှစ၍ ခရီးသွားလာခွင့်ပိတ်ပင်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားခဲ့သည့်အပြင် ညမထွက်ရအမိန့်ကိုလည်း ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီဘက်မှ စတင်ကြေညာခဲ့သည်။
UNOCHA မှလည်း ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီအပါအဝင် မိတ်ဘက်အဖွဲ့အစည်းများနှင့် နေပြည်တော်တွင် ဆွေးနွေးခဲ့သော်လည်း စစ်ကောင်စီသည် ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အပြင် နိုင်ငံပြင်ပမှ ကယ်ဆယ်ရေးအကူအညီ ဖြည့်တင်းရန်တောင်းဆိုမှုအား အကန့်အသတ်ဖြင့် ခွင့်ပြုလိုက်သော်လည်း အခြားသော ကိစ္စရပ်များ ဆိုင်းငံ့ခံရကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
ယခုလို ပိတ်ပင်ခံရသည့်အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာနိုင်ကြောင်းလည်း UNOCHA ဘက်မှ အသိပေးထားသည်။