ရှမ်း – ကယား (ကရင်နီ) အစပ်ရှိ မိုးဗြဲမြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မိုးဗြဲ PDF မှ ရဲဘော်နှစ်ဦး ယနေ့ ကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့(MBPDF) နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက မိုးဗြဲမြို့တိုက်ပွဲအတွင်း MBPDF မှ ရဲဘော် နှစ်ဦးကျဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBPDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဒီနေ့ တိုက်ပွဲက ပြင်းတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်။ မိုးဗြဲ PDF နှစ်ဦး ကျတယ်။ ခြောက်ဦးဒဏ်ရာရတယ်။ အခုထိ တိုက်ပွဲက မပြီးသေးဘူး” ဟု ၎င်းက ဆိုသည်။
မိုးဗြဲတိုက်ပွဲအတွင်း ယနေ့ နံနက်ပိုင်းက ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ MBPDFတပ်ဖွဲ့မှ ရဲဘော် တားလက် နှင့် ရဲဘော် ဂျော်နီ တို့ဖြစ်ပြီး ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း MBPDFတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ ကျဆုံးရဲဘော်နှစ်ဦးနဲ့ ပတ်သက်ပြီးတော့ရော၊ တိုက်ပွဲအကြောင်း အသေးစိတ်ကိုရော တိုက်ပွဲပြီးမှ ကြေညာသွားမယ်။ အခုကတော့ တိုက်ပွဲတွေ ဖြစ်နေသေးလို့ပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိ မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲသည် ၇ရက်ကြာသည့်အထိ နေ့စဉ်မပြတ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အရပ်သားပြည်သူ ၉ ဦးထက် မနည်းကို သေနတ်ဖြင့် ပစ်သတ်ခြင်းနှင့် မုဒိန်းပြုကျင့် သတ်ဖြတ်ခြင်းများအထိ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။