စစ်ကောင်စီ လက်နက်ထုတ်လုပ်နိုင်ရန်အတွက် အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီက စက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း Justice For Myanmar (JFM) က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ဖော်အသိပေးထားသည်။
အစ္စရေးလက်နက်ထုတ် ကုမ္ပဏီတစ်ခုဖြစ်သော CAA Industriesမှ မြန်မာစစ်တပ်အတွက် လက်နက်များ ထုတ်လုပ်နိုင်စေမည့် စက်ပစ္စည်းများအား ၂၀၁၉ ခုနှစ်က တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“CAA Industries အနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေအရဆိုရင် CAA Industries အနေနဲ့ ကုန်ပစ္စည်းဝယ်ယူသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို လေ့လာစုံစမ်းဖို့ လိုပါတယ်။ နောက်ပြီး ဒီစက်ပစ္စည်းတွေကို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ဖို့ အသုံးချလာရင်လည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်”ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားထားသည်။
၂၀၁၇ ခုနှစ်တွင် စစ်တပ်မှ ရိုဟင်ဂျာများအား လူမျိုးတုံး သတ်ဖြတ်မှုမြောက်သည့် စစ်ဆင်ရေးများ လုပ်ဆောင်ပြီးနောက် မြန်မာနိုင်ငံသို့ စက်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း မပြုလုပ်ရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ တားမြစ်ထားသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လက အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ CAA Industries သည် စစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေသည့် ကြားခံကုမ္ပဏီတစ်ခုထံသို့ ပလတ်စတစ် ပိုလီမာများအား ပုံသွင်းနိုင်သည့် စက်ပစ္စည်းများအပါအဝင် စက်ပစ္စည်းပေါင်း နှစ်တန် ပေးပို့ခဲ့ကြောင်း Justice for Myanmar က ဖော်ပြထားသည်။
ယင်းသို့ တင်ပို့ထားသော စက်ပစ္စည်းများအား ရိုင်ဖယ်သေနတ်များ၏ လက်ကိုင်များကဲ့သို့ အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရန်အတွက် အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအား ပေးပို့လိုက်သည့် စက်ပစ္စည်းများသည် အရပ်ဘက်နှင့် စစ်ရေးအတွက် နှစ်မျိုးအသုံးပြုနိုင်ကြောင်း အစ္စရေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ Eitay Mack မှ Justice For Myanmar သို့ ပြောကြားထားသည့်အပြင် ယင်းစက်ပစ္စည်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် အစ္စရေးရှေ့နေချုပ်ထံသို့ စာရေးသားတောင်းဆိုထားကြောင်း သိရသည်။
ထို့အပြင် CAA Industries ၏ စက်ပစ္စည်းများနှင့် ပလတ်စတင်မိုလ်များသည် လက်နက်ငယ်များနှင့် အခြားလက်နက်ပစ္စည်းများအား စရိတ်သက်သာစွာ ထုတ်လုပ်နိုင်ရန် အသုံးပြု၍ ရနေကြောင်း၊ ယင်းစက်ပစ္စည်းများသည် မြန်မာစစ်တပ်၏ ပြည်သူများအား သတ်ဖြတ်မှုနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် သတင်းသမားများအား ရှင်းလင်းသည့် စီမံချက် တစ်စိတ်တစ်ပိုင်းဖြစ်နေနိုင်ကြောင်းလည်း ဆိုသည်။
CAA Industries ကုမ္ပဏီမှ တင်ပို့သည့် စက်ပစ္စည်းများအား Star Sapphire Group က ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယင်းကုမ္ပဏီသည် စစ်ကောင်စီနှင့် အစ္စရေးစစ်လက်နက်ပစ္စည်း ထုတ်လုပ်သူများကြားတွင် ပွဲစားအဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ကြောင်း Justice for Myanmar မှ ထုတ်ဖော်ပြောဆိုထားသည်။