ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စုအနီးရှိ စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူ ၃ဦးအား ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ဆေးကာ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ လောပိတကျေးရွာအုပ်စု၊ လောဓလေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပြည်သူလေးဦးအား တားဆီးကာ ၎င်းတို့၏ ဖုန်းများအား ရှာဖွေစစ်ဆေးမှုပြုခဲ့ကာ စစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း လောဓလေးရွာသားတစ်ဦးက ပြောသည်။
“ မနက် ၁၀နာရီလောက်က စစ်တာ။ သုံးဦးကို ဖမ်းပြီး လွိုင်ကော်က စစ်ကြောရေးတပ်ကို နေ့ချင်းပဲ လွှတ်လိုက်တယ်လို့ ပြောတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ သူတို့ကိုယ်တိုင် လွှတ်ပေးလိုက်တယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်ကို ၎င်းက တဆင့် ပြန်လည်ပြောပြသည်။
ဖမ်းဆီးခံရသည့် ပြည်သူ ၃ ဦးသည် အမျိုးသားများ ဖြစ်ပြီး မည်သည့်နေရာတွင် နေထိုင်သည်။ မည်သူ၊ မည်ဝါ ဖြစ်သည်ကိုတော့ မသိရှိရကြောင်း၊ တားမြစ်စစ်ဆေးသည့်အထဲမှ အမျိုးသမီးတစ်ဦးကိုမူ စစ်ကောင်စီ လက်အောက်ခံ အစိုးရဝန်ထမ်းဖြစ်နေသဖြင့် ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း လောဓလေးရွာသားက ဆိုသည်။
“ ဖမ်းခံရတဲ့ သုံးယောက်ထဲက တစ်ယောက်ရဲ့ဖုန်းထဲ ဘော်လခဲ PDFနဲ့ ဆက်သွယ်ထားတာ တွေ့လို့ဆိုပြီး ကျန်တဲ့ ဘာမှမမိတဲ့ နှစ်ယောက်ကိုပါ ဖမ်းလိုက်တာ။ အမျိုးသမီးတစ်ဦးကိုတော့ သူတို့ဘက်(စစ်တပ်ဘက်)က ဆရာမမို့လို့ ပြန်လွှတ်ပေးလိုက်ကြတယ်” ဟု ၎င်းက ပြောသည်။
ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ခံရသည့် ပြည်သူအများစုသည် အသက်ရှင်ခြင်း မရှိဘဲ လူမသိသူမသိ သေဆုံးသွားတတ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးနှင့်ပတ်သက်ပြီး သတင်းတိတိကျကျ မသိရှိရသေးဘဲ လွိုင်ကော်မြို့ရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားသည်ကိုသာ သိရှိရသေးကြောင်း ဆိုသည်။