PDF များ တိုက်ခိုက်မည်စိုး၍ဟုဆိုကာ ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများကို ည ၁၁နာရီခွဲအထိသာ ဖွင့်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရသည်။
ဇွန်လ ၅ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့် ဘားများကို ည ၁၁နာရီခွဲအထိသာ ဖွင့်ရန်ညွှန်ကြားထားပြီး ယခင်လို နံနက် ၄နာရီအထိ ဖွင့်ခွင့်မပြုတော့ကြောင်း Club Pioneer YGNမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
“ အရင်က ၄နာရီအထိဖွင့်ခွင့်ပြုတယ်။ ဒါကိုမှ စိတ်ပါရင် After partyဆက်တက်လို့ရသေးတယ်။အခုတော့ ဆိုင်တွေကို ညွှန်ကြားစာပို့ထားတယ်။မနက် ၄အထိမရဘူး၊၁၁နာရီခွဲက နောက်ဆုံးပဲ။အိမ်ကို ၁၂အရောက်ပြန်ပေါ့ ။ဘာလို့ဆို ရန်ကုန်မှာ PDF တပ်ရင်း (၅၁၀၁) ကို ဖွဲ့ထားပြီးပြီလို့ NUGက ကြေညာထားတော့ စစ်တပ်က လန့်နေတာ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ နိုက်ကလပ်များတွင် DJတီးနေသူတစ်ဦးကို MPAက မေးမြန်းရာ ယခုလ နောက်ဆုံးအပတ်အတွင်း နိုက်ကလပ်နှင့် ဘားများအား နံနက် ၄နာရီအထိ ဖွင့်ခွင့် ပြု၊မပြု စစ်ကောင်စီက ဆုံးဖြတ်မည်ဟု နိုက်ကလပ်လုပ်ငန်းရှင်များထံ ပြောကြားထားကြောင်း ဆိုသည်။ “ အခုကတော့ ဘယ်သူမှ ချွန်ပြီးမလုပ်ရဲဘူး။၄နာရီထိဖွင့်တဲ့ နေရာ သုံးခုလောက်တော့ရှိသေးတယ်။ဒါကလည်း စစ်တပ်နဲ့တော်တော်ပိုင်တဲ့သူတွေဖွင့်တာမို့ပေါ့။ထူးတာဆိုလို့ ည ၁၁နာရီအရောက်သွားပြီး မနက် လေးနာရီကျော်မှ ဖြည်းဖြည်းထုတ်တာပေါ့။ပါတီလုပ်သလို လူနည်းစုပဲသွားလို့ရတာ။ဈေးကလည်း ခေါင်ခိုက်နေတာပဲ” ဟု ၎င်းက ပြောသည်။
PDF တပ်ရင်း (၅၁၀၁)ကို ဇွန်လ၁ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က သတင်းထုတ်ပြန်ပြီးချိန်မှစ၍ ရန်ကုန်မြို့ရှိ စစ်ကောင်စီကင်းစခန်းများအား လုံခြုံရေးတိုးမြှင့်ထားကာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ၂နာရီခြားတစ်ခါ ကင်းလှည့်ပေးနေရကြောင်း သိရသည်။