ရခိုင်ပြည်နယ် မြောက်ဦးတွင် မုန်းတိုင်းဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရန် ရောက်ရှိနေသာ ကားများအား ယနေ့တွင် ဖမ်းဆီးထားကြောင်း ခိုင်လုံသော သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။
“အခု မြောက်ဦးမှာ ကယ်ဆယ်ရေးကားတွေကို ဖမ်းထားပြီ။ ပြီးတော့ ညမထွက်ရအမိန့်လည်း ထုတ်ထားပါတယ်။ လတ်တလောတော့ ကျွန်တော်တို့က လုံခြုံပါတယ်။ ဘာကြောင့် ကယ်ဆယ်ရေးကားတွေကို ဖမ်းလည်းတော့ မသိရပါဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ရခိုင်ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက MPA သို့ ပြောသည်။
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့အစည်းများအား စစ်ကောင်စီမှ ခရီးသွားလာခွင့်ကို ဇွန် ၈ ရက်နေ့က စတင် ပိတ်ပင်ထားခဲ့သလို ညမထွက်ရ အမိန့်ကိုလည်း ယမန်နေ့ညကပင် ကြေညာထားသည်ဟု သိရသည်။
“ညမထွက်ရအမိန့်တော့ ထုတ်တယ်။ ဖမ်းတာ ဆီးတာတော့ မကြားသေးဘူး။ ညမထွက်ရဆိုတာပဲ သိသေးတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်လဲတော့ မသိဘူး”ဟု မြောက်ဦးမြို့မှ ဒေသတစ်ဦးက MPA သို့ ပြောသည်။
ယခုလဆန်းပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မိုင်းလားတွင် တွေ့ဆုံဆွေးခဲ့ကာ ပြေလည်မှုမရခဲ့သည့်နောက် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီမှ ယခုကဲ့သို့ အမိန့်များ ထုတ်လာခြင်း ဖြစ်သည်။
UNOCHA မှလည်း စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်များ ပိတ်ပင်လိုက်ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာနေသည်ဟု ယနေ့တွင် ထုတ်ပြန်ထားသည်။